မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်တဲ့ ရွှေလီမြို့ကို တရုတ်အစိုးရက Lockdown ချပြီး မြို့ခံအားလုံးကို ရောဂါစစ်ဆေးမှုလုပ်မယ်

15-9-2020-yyl-007.jpg

မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ရွှေလီမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု တွေ့ရှိခဲ့ပြီးနောက်မှာ တရုတ်အစိုးရက ရွှေလီမြို့ကို Lockdown ချပြီး လူအများအပြားကို ရောဂါရှာဖွေစစ်ဆေးမှုလုပ်ဖို့ စီစဉ်နေပါတယ်။ တရုတ်နိုင်ငံအနောက်ပိုင်း ယူနန်ပြည်နယ်မှာရှိတဲ့ ရွှေလီမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၃ ယောက် တွေ့ရှိခဲ့တာပါ။ ရွှေလီမြို့ဟာ မြန်မာနိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ အဓိကနယ်စပ်ဂိတ်တစ်ခု ဖြစ်ပါတယ်။

ရွှေလီမြို့မှာ နေထိုင်သူတွေကို အိမ်မှာပဲ နေကြဖို့ ညွှန်ကြားထားပြီး တနင်္လာနေ့ ညနေပိုင်းကစပြီး ရွှေလီမြို့ကို အဝင်ထွက်လုပ်ခွင့် ပိတ်လိုက်ပြီလို့ ရွှေလီမြို့ အရာရှိတွေက ညွှန်ကြားခဲ့ပါတယ်။ ရွှေလီမြို့မှာ နေထိုင်တဲ့ လူဦးရေ ၂၁၀၀၀၀ လုံးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ အရာရှိတွေက ပြောပါတယ်။ စူပါမားကတ်တွေ၊ ဆေးဆိုင်တွေ၊ အစားအစာ ရောင်းချတဲ့ ဈေးတွေကလွဲပြီး ကျန်တဲ့လုပ်ငန်း အဆောက်အအုံအားလုံးကို ပိတ်ထားပါတယ်။

ရောဂါပိုးကူးစက်ခံထားရသူတွေဟာ မြန်မာနိုင်ငံကနေ ဝင်ရောက်လာသူတွေဖြစ်လို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကို နှိမ်နင်းသွားမယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ လိပ်စာအတိအကျ မပြောနိုင်သူ၊ အလုပ်လုပ်ရာနေရာ အတိအကျမပြောနိုင်သူ၊ တရုတ်နိုင်ငံထဲ ဝင်ရောက်လာချိန် အတည်မပြုနိုင်သူတွေကို မိခင်နိုင်ငံထဲ ပြန်ပို့မယ်လို့ ရွှေလီမြို့ ဒုတိယမြို့တော်ဝန် ယန်ဘင်းချင်က ပြောပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ပျံ့နှံ့ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ ကူးစက်ခံရသူ သန်း ၃၀ နီးပါး၊ သေဆုံးသူ ၉ သိန်းကျော်ရှိနေပါတယ်။

တရုတ်နိုင်ငံက ရောဂါကူးစက်ပျံ့နှံ့မှုကို အများစုထိန်းချုပ်နိုင်ခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်မှာ ရောဂါပိုးရှိသူ ၈ ယောက်ပဲ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ၈ ယောက်လုံးကလည်း ပြည်ပနိုင်ငံတွေကနေ ဝင်ရောက်လာသူတွေလို့ အမျိုးသားကျန်းမာရေးကော်မရှင်က ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ စက်တင်ဘာလ ၁၅ ရက် နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၃၂၉၉ ယောက်၊ သေဆုံးသူ ၃၂ ယောက် ရှိနေပါတယ်။

Ref: StraitsTimes ” China locks down city on Myanmar border over coronavirus”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top