ချစ်ဖို့ကောင်းတဲ့တိရစ္ဆာန်လေးတွေရဲ့ပုံတွေကို ကြည့်ပေးတာက ကျန်းမာရေးအတွက်ကောင်းတယ်လို့ လေ့လာချက်ကဆို

29-9-2002-yyl-009.jpg

တိရစ္ဆာန်ချစ်တတ်တဲ့ စာဖတ်ပရိသတ်တွေအတွက် ဒီအကြောင်းအရာလေးကတော့ ဝမ်းသာစရာပါပဲ။ ချစ်ဖို့ကောင်းတဲ့ တိရစ္ဆာန်လေးတွေကို ကြည့်ပေးတာက သင့်ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ တချို့လေ့လာချက်တွေမှာတော့ စိုးရိမ်ပူပန်မှုကို (၅၀) ရာခိုင်နှုန်းလောက် လျော့ချပေးတယ်လို့လည်း တွေ့ရှိရပါတယ်။ သင်ရော ချစ်စရာကောင်းတဲ့ခွေးလေး၊ ကြောင်လေးတွေရဲ့ပုံတွေကို (၁၂) မိနစ်လောက် ကြည့်ဖြစ်မယ်ဆိုရင် သင် နည်းနည်းတော့ ပျော်ရွှင်မိသလို ခံစားရတယ်မလား။

The University of Leeds က ဖုန်း၊ လက်တော့တွေလို လျှပ်စစ်ပစ္စည်းတွေကနေ ချစ်ဖို့ကောင်းတဲ့တိရစ္ဆာန်လေးတွေကို ကြည့်ပြီးတဲ့နောက်မှာ ဘယ်လိုခံစားရလဲဆိုတာကို သိရဖို့အတွက် လေ့လာစမ်းသပ်ချက်ပြုလုပ်ခဲ့ပါတယ်။ လေ့လာချက်မှာ မိနစ် (၉၀) လောက် စာမေးပွဲဖြေရတဲ့ ကျောင်းသား၊သူ (၁၅) ဦးနဲ့ အတူ အလုပ်ခွင်မှာ စိတ်ဖိစီးရတယ်လို့ပြောတဲ့ဝန်ထမ်း (၄) ဦးတို့ပါဝင်ခဲ့ပါတယ်။ သုတေသီတွေက ပါဝင်တဲ့သူတွေကို ချစ်စရာကောင်းတဲ့တိရစ္ဆာန်လေးတွေရဲ့ပုံတွေ၊ ဗီဒီယိုတွေကို မိနစ် (၃၀) လောက် ကြည့်ခိုင်းခဲ့ပြီး သူတို့ရဲ့သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတွေပေါ်မှာ စမ်းသပ်ချက်ယူခဲ့ပါတယ်။ ပြီးရင် သူတို့ရဲ့စိတ်ဖိစီးမှုပမာဏကို အစဉ်လိုက်ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။

ဒီလေ့လာချက်ကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလက UKမှာ ပြုလုပ်ခဲ့တာပါ။ အေးမြတဲ့ဆောင်းရာသီလတွေက လူတချို့ကို သိပ်မပျော်ရွှင်သလိုခံစားရစေတဲ့အတွက်ကြောင့် ဒီဇင်ဘာလမှာစမ်းသပ်ခဲ့တာပါ။ ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေရဲ့ပုံတွေကို မိနစ် (၃၀) လောက်ကြည့်တာက စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေကို လျော့ချသွားစေတဲ့အပြင် သွေးဖိအားကိုလည်း ထိန်းညှိပေးသလိုဖြစ်စေတယ်လို့ ဆိုပါတယ်။ The University of Leeds ရဲ့တွဲဖက်ပါမောက္ခ ဒေါက်တာ အန်ဒရီယား အိုလေ (Andrea Utley) က “လေ့လာစမ်းသပ်တဲ့အတောအတွင်းမှာ ပါဝင်တဲ့သူတိုင်းရဲ့နှလုံးခုန်နှုန်း၊ သွေးဖိအားတွေလျော့ကျလာတာကို တွေ့ရတော့ ကျွန်တော် အတော်လေးအံ့သြမိခဲ့တယ်။ သူတို့ကို Questionnaire နောက်ထပ်လုပ်ခိုင်းတဲ့အခါမှာလည်း သူတို့ စိုးရိမ်ပူပန်မှုနည်းသလို ခံစားရတယ်ဆိုတာကို ညွှန်ပြနေပါတယ်”လို့ ပြောပါတယ်။

လေ့လာချက်မှာ ပါဝင်ခဲ့တဲ့ လူတွေရဲ့ ပျှမ်းမျှသွေးဖိအားက ၁၃၆/၈၈ ကနေ ၁၁၅/၇၁ ထိ လျော့နည်းသွားခဲ့ပါတယ်။ စိုးရိမ်ပူပန်မှုကလည်း ပျှမ်းမျှအားဖြင့် ၃၅ ရာခိုင်နှုန်းလောက် ကျသွားခဲ့ပါတယ်။ တချို့တွေကတော့ (၅၀) ရာခိုင်နှုန်းလောက်အထိ သက်သာသွားခဲ့ပါတယ်။ စိုးရိမ်ပူပန်မှုကို တိုင်းတာဖို့အတွက် ပါဝင်တဲ့သူတွေက တစ်စုံတစ်ယောက် ဘယ်လိုစိတ်ဖိစီးနေရလဲဆိုတာသိရဖို့အတွက် ဆရာဝန်တွေ အသုံးပြုတဲ့ State-Trait Anxiety Inventory ကို အသုံးပြုခဲ့ပါတယ်။ လူသားတွေနဲ့ ထိတွေ့ဆက်ဆံနေတဲ့ တိရစ္ဆာန်လေးတွေရဲ့ပုံတွေနဲ့ ဗီဒီယိုက ပိုပြီး ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ပုံတွေနဲ့ယှဉ်ရင် ဗီဒီယိုက ပိုပြီး စိတ်ပျော်ရွှင်စေတယ်ဆိုတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ ဒီလေ့လာချက်နဲ့ ပတ်သက်ပြီး နောက်ထပ်စမ်းသပ်မှုတွေဆောင်ရွက်ဖို့ လုပ်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွေ့ဆိုင်းထားရပါတယ်။

Ref: Ladbible”Study Says Watching Cute Animals Can Be Good For Your Health”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top