အမေရိကန်သမ္မတရွေးကောက်ပွဲ မပြီးဆုံးသေးဘူးလို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ပြော

10-11-2020-yyl-018.jpg

” ပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ် အကျုံးဝင်တယ်ဆိုတာကို လက်ခံဖို့ ၄ နှစ်လုံးလုံး ငြင်းဆန်ခဲ့သလို ဒီရွေးကောက်ပွဲမှာလည်း သူတို့ထပ်ရှုံးရင် ( သူတို့ရှုံးမှနော်) တရားမဝင်ဘူးလို့ ထပ်ပြောဦးမယ့်သူတွေက ‌ရွေးကောက်ပွဲ ကနဦးရလဒ်တွေကို သမ္မတက ချေက်ချင်းလက်ငင်း ကြည်ကြည်ဖြူဖြူ လက်ခံပေးသင့်တယ်လို့ သြဝါဒလာမချွေကြနဲ့”လို့ ရီဗတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် ခေါင်းဆောင် မစ်မက်ကွန်နေးလ်က ဒီမိုကရက်တစ်ပါတီဝင်တွေကို ဝေဖန်လိုက်တယ်။ အရှုံးကို လက်ခံဖို့ ဒေါ်နယ်ထရမ့်ကို ဖိအားပေးမှာမဟုတ်ဘူး၊ ဥပဒေအရ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒေါ်နယ်ထရမ့်က ကြည့်ရှုစစ်ဆေးခွင့်ရှိပြီး မဲပြန်ရေခိုင်းခွင့်ရှိတယ်၊ အခြေခံဥပဒေအရ သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အင်အားကြီးမီဒီယာတွေမှာ ဘာလုပ်ပိုင်ခွင့်မှမရှိဘူးလို့ မစ်မက်ကွန်နေးလ်က ခပ်ပြတ်ပြတ် သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က စာနယ်ဇင်းရှင်းလင်းပွဲမှာလည်း အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မက်အီနာနီက ” အမေရိကန်သမ္မတရွေးကောက်ပွဲက မပြီးသေးပါဘူး။ ပြီးဖို့ အဝေးကြီးလိုပါသေးတယ်”လို့ ပြောခဲ့တယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေက အထောက်အထားမရှိဘူးလို့ သတ်မှတ်ပြီး Fox News သတင်းဌာနက အိမ်ဖြူတော်ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို မတက်ရောက်ခဲ့ပါဘူး။ Fox News ဟာ အရင်တုန်းက ဒေါ်နယ်ထရမ့် အကြိုက်ဆုံးမီဒီယာပါ။ ဒေါ်နယ်ထရမ့်ရဲ့မဟာမိတ်တွေကတော့ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ပြီဆိုတဲ့ ရွေးကောက်ပွဲရလဒ်ကို ဥပဒေကြောင်းအရ ရင်ဆိုင်မှုက အခုမှအစပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲဖီးယားမြို့မှာ ရီပတ်ဗလစ်ကန်ပါတီဝင် မဲရုံစောင့်ကြည့်သူတွေကတော့ မဲရေတွက်မှုတွေကို ကောင်းကောင်းမတွေ့ခဲ့ရဘူးလို့ မက်အီနာနီက ပါတယ်။ ရီပတ်ဗလစ်ကန်နဲ့ ဒီမိုကရက်တစ်ပါတီဝင် မဲရုံစောင့်ကြည့်သူတွေကဟာ ဖီလာဒဲဖီးယားမြို့မှာ မဲရေတွက်တဲ့ စားပွဲတွေအနားကပ်ခွင့်မရဘဲ ၁၃ ပေကနေ ပေ ၁၀၀ ကြား အကွာအဝေးမှာပဲ ထိုင်ကြည့်ခဲ့ရပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ဖို့ ခပ်ဝေးဝေးနေရာချရတဲ့အတွက် အခုလို ဖြစ်သွားတာပါလို့ ဒေသဆိုင်ရာ ရွေးကောက်ပွဲအရာရှိတွေက ဖြေရှင်းထားပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီကို အားပေးထောက်ခံသူ တော်တော်များများရဲ့ မရေမရာ ဖြည့်ထားတဲ့မဲတွေကို (ပယ်မဲဖြစ်ရမယ့်မဲတွေ) ရွေးကောက်ပွဲအရာရှိတွေက ပြန်လည်ပြင်ဆင်ခွင့်ပေးခဲ့တယ်လို့ မက်အီနာနီက ဆိုပါတယ်။ အဲဒီလို ပြင်ဆင်ခွင့်ပေးတဲ့ ကောင်တီတချို့ရှိသလို တချို့ကောင်တီတွေကတော့ ပြင်ဆင်ခွင့်မရဘူးလို့ Philadelphia Inquirer သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ဂျိုးဘိုင်ဒင် အနိုင်ရပြီဆိုတာကို အတည်မပြုနိုင်အောင် အရေးပေါ်တားမြစ်မိန့် ထုတ်ပြန်ပေးဖို့ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပင်ဆယ်ဗေးနီးယားပြည်ထောင်စုတရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ အဲဒီတရားစွဲဆိုမှုက သက်သေအထောက်အထားမခိုင်လုံဘူးလို့ ပြည်နယ်အစိုးရရှေ့နေချုပ် ဂျို့ရှ်ရှာပီရိုက ပြောပါတယ်။ ဒါပေမဲ့ ပြည်နယ်အစိုးရရှေ့နေ ၁၀ ယောက်ကတော့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ တရားစွဲဆိုတဲ့ ဒေါ်နယ်ထရမ့်မဲဆွယ်စည်းရုံးရေးအဖွဲ့ရဲ့အမှုကို ထောက်ခံကြောင်း အထက်တရားရုံးချုပ်မှာ ထောက်ခံလွှာ တင်သွင်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့မှာပဲ အမေရိကန် တရားရေးဝန်ကြီးဌာနက သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်ဖွယ်ရှိတဲ့ကိစ္စမှန်သမျှကို စုံစမ်းစစ်ဆေးဖို့ အစိုးရရှေ့နေတွေကို လုပ်ပိုင်ခွင့်ပေးအပ်ခဲ့တယ်လို့ New York Times သတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမဲ့ မဲမသမာမှု ရှိခဲ့ဆိုတာ ခိုင်လုံဖွယ်ရှိပြီး ပြည်နယ်တစ်ခုခုရဲ့ ရွေးကောက်ပွဲရလဒ်ကို သက်ရောက်စေနိုင်တဲ့ ဖြစ်ရပ်မျိုးကိုပဲ စုံစမ်းကြဖို့၊ မရေရာ မသေချာတဲ့ ကောလာဟလတွေကို မစုံစမ်းကြဖို့ အမေရိကန်ရှေ့နေချုပ် ဝီလျံဘားက ပြောခဲ့ပါတယ်။ အဲဒီနောက်မှာပဲ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ရမယ့် တရားရေးဝန်ကြီးဌာနအရာရှိ ရစ်ချက်ပီဂျာက ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ဂျိုးဘိုင်ဒင် အနိုင်ရခဲ့လို့ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ကျော်လွန်သွားခဲ့ပြီး အာဏာလွှဲပြောင်းရယူမယ့်အစီအစဉ်တွေကို ရေးဆွဲနေပါပြီ။ ဒါပေမဲ့ ပြည်ထောင်စု အေဂျင်စီတွေကို စီမံခန့်ခွဲတဲ့ General Services Administration က သမ္မတရွေးကောက်ပွဲအနိုင်ရသူကို သေချာပေါက် အတည်မပြုနိုင်သေးဘူးလို့ ပြောထားပြီး အာဏာလွှဲပြောင်းရေးလုပ်ငန်းတွေ တရားဝင်လုပ်ခွင့်မပေးသေးပါဘူး။ ဒေါ်နယ်ထရမ့်ရဲ့အစိုးရအဖွဲ့က အာဏာလွှဲပြောင်းရေး နှောင့်နှေးအောင်လုပ်နေရင် သူတို့ဘက်ကလည်း ဥပဒေအရ ရင်ဆိုင်သွားဖို့ စဉ်းစားထားတယ်လို့ ဂျိုးဘိုင်ဒင်ရဲ့အဖွဲ့က ပြောပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ပြီလို့ မီဒီယာတွေက ဖော်ပြပေမဲ့ ဒေါ်နယ်ထရမ့်က အရှုံးမပေးသေးတဲ့အတွက် တရုတ်နဲ့ ရုရှားနိုင်ငံတွေကတော့ ဂျိုးဘိုင်ဒင်ထံ ဂုဏ်ပြုကြောင်း သတင်းစကားပေးပို့ခြင်းမရှိသေးပါဘူး။ ” အမေရိကန်သမ္မတ ရွေးကောက်ပွဲကို အမေရိကန်နိုင်ငံရဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆုံးဖြတ်ရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်းဘင်က ပြောပါတယ်။


ဒေါ်နယ်ထရမ့်ကတော့ အခုနောက်ဆုံး ထွက်ရှိလာတဲ့ Pfizer ကာကွယ်ဆေးရလဒ်တွေနဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒင်နဲ့ ဒီမိုကရက်တစ်ပါတီကို ထိုးနှက်သွားခဲ့ပါတယ်။ ” အမေရိကန် FDA နဲ့ ဒီမိုကရက်တွေက ရွေးကောက်ပွဲမတိုင်ခင် ကျွန်တော့်ကို ကာကွယ်ဆေးမရစေချင်ကြဘူး။ အဲဒါကြောင့် အရင်တုန်းက ကျွန်တော် ပြောခဲ့သလိုပဲ ရွေးကောက်ပွဲအပြီး ၅ ရက်ကြာမှာ ကာကွယ်ဆေး ရလဒ်တွေကို ထုတ်ပြန်ခဲ့တယ်”၊ ” ဂျိုးဘိုင်ဒင်သာ သမ္မတဖြစ်နေမယ်ဆိုရင် နောက်ထပ် ၄ နှစ်နေလည်း ကာကွယ်ဆေးရမှာမဟုတ်ဘူး။ အမေရိကန် FDA ကလည်း ဒီလောက်မြန်မြန်ဆန်ဆန် အတည်ပြုပေးမှာမဟုတ်ဘူး။ ဗျူရိုကရေစီစနစ်က လူသန်းပေါင်းများစွာရဲ့အသက်ကို ပျက်စီးဆုံးရှုံးစေမှာပါ” လို့ ဒေါ်နယ်ထရမ့်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲရလဒ်တွေကို စောဒကတက်နေပေမဲ့ လာမယ့်ဇန်နဝါရီလမှာ အိမ်ဖြူတော်ကနေ ပြောင်းရွှေ့ပေးဖို့ရှိပြီး ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးကောက်ခံဖို့ ပြောနေတယ်လို့ အိမ်ဖြူတော်ရဲ့ သတင်းထောက်တွေက ဆိုပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အိမ်ဖြူတော်ကနေ ဖယ်ရှားပေးရမှာဖြစ်ပြီး ဖယ်ရှားပေးဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ ဥပဒေအရ ” ကျူးကျော်သူ”အဖြစ် သတ်မှတ်ခံရမှာပါ။

Ref: BBC ” US election: Trump camp vows legal fight just began”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top