ရှေးအခါက မင်းဥယျာဉ်တွင် ပင်စည်ဖြောင့်တန်းပြီး အကိုင်းအခက် ဝေဝေဆာဆာဖြင့် တင့်တယ်လှပသောသစ်ပင်ကြီးတစ်ပင်ရှိသည်။ မင်္ဂလာကျောက်ဖျာကို အမှီပြုပြီး တည်ရှိနေခြင်း၊ အဆင်းသဏ္ဍာန် တင့်တယ်ခြင်းတို့ကြောင့် မင်္ဂလာသစ်ပင်အဖြစ် သတ်မှတ်ကာ မင်းကြီးမှ ပူဇော်ပသမှုပြု၏။ မင်္ဂလာသစ်ပင်ကြီးတွင် ဘုန်းတန်ခိုးရှိသော ရုက္ခစိုးနတ်မင်းသည် ဘုံဗိမ္မာန်ပြု နေထိုင်လေသည်။ ထိုမင်းဥယျာဉ်အတွင်း တွင်ပင် သမန်းမြတ်ဖုတ်တွင် အမှီပြုနေထိုင်သော နတ်တစ်ပါးလည်း ရှိ၏။ မင်္ဂလာသစ်ပင်မှ ရုက္ခစိုးနတ်မင်းသည် မိမိထက် ဘုန်းတန်ခိုး နိမ့်ကျသော သမင်းမြက်ဖုတ်နတ်နှင့် အဆွေခင်ပွန်းဖွဲ့ နေထိုင်ကြသည်။
တစ်နေ့သော် မင်းကြီး၏ တပင်တိုင်ပြာသာဒ်နန်း နဲ့နေသဖြင့် ပြန်လည်ပြုပြင်ရန်အတွက် အနှစ်ရှိ၍ ခိုင်ခံ့သောတိုင်တစ်တိုင်နှင့် အစားထိုးရန် ရှာဖွေကြရာ မင်္ဂလာသစ်ပင်သည်သာ အသင့်လျော်ဆုံးဖြစ်လို့နေသည်။ နန်းတိုင်ခိုင်ခံ့မှုသည် အဓိကဖြစ်သဖြင့် မင်္ဂလာသစ်ပင်ကို ခုတ်လှဲပြီး အခြားသစ်ပင်တစ်ပင်ကို မင်္ဂလာသစ်ပင်အဖြစ် ပြောင်းလဲသတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ နောက်နေ့နံနက်တွင် ခုတ်လှဲရန်အတွက် မင်္ဂလာသစ်ပင်အား ပူဇော်ပသကာ ခုတ်လှဲရန် ခွင့်တောင်းပြီး ပြန်သွားကြသည်။ ရုက္ခစိုးနတ်မင်းလည်း ငါတော့ မနက်ဖြန်ကစပြီး နေစရာဘုံပျောက်ပြီဟုဆိုကာ ငိုကြွေး၍သာနေတော့သည်။ အခြားမိတ်ဆွေရုက္ခစိုးနတ်များလည်း မင်းမိန့်ဖြစ်သဖြင့် မတတ်သာဘဲ စိတ်မကောင်းဖြစ်၍သာ နေကြလေသည်။ သမန်းမြတ်ဖုတ်စောင့်နတ်သည် မိတ်ဆွေရုက္ခစိုးနတ်၏ အဖြစ်ကိုသိသော် သင်၏ဘုံဗိမ္မာန် မပျက်စီးရအောင် ကြံဆောင်ပါမည်၊ မစိုးရိမ်နှင့်ဟု အားပေးနှစ်သိမ့်၏။
နောက်တစ်နေ့နံနက်မိုးသောက်သော် လက်သမားဆရာတို့သည် မင်္ဂလာသစ်ပင် ခုတ်ရန်အလို့ငှာ ရောက်လာကြသည်။သမန်းမြက်ဖုတ်စောင့်နတ်သည် ပုတ်သင်ညိုအသွင်ပြောင်းကာ လက်သမားဆရာတို့အကြားမှ မြင်သာအောင် ဖြတ်သွားပြီး မင်္ဂလာသစ်ပင် အမြစ်ကြားသို့ ရှေးဦးစွာဝင်ပြ၏။ ပြီးနောက် ပင်စည်ထိပ်မှ ထွက်ကာ ခေါင်းတညိတ်ညိတ်လုပ်ကာနေပြ၏။ ထိုအခါ လက်သမားဆရာတို့သည် ပုတ်သင်ညိုသည် မင်္ဂလာသစ်ပင်အမြစ်မှ ဝင်ကာ ပင်စည်ထိပ်မှ ထွက်လာသည်ကို ကြည့်ပြီး ပင်စည်တွင် အနှစ်မရှိဘဲ အခေါင်းသာရှိရမည်၊ အခေါင်းရှိသော သစ်လုံးသည် ခိုင်ခံ့မည်မဟုတ်ဟု ကြံဆကြပြီး မခုတ်လှဲတော့ဘဲ အခြားသစ်ပင်ကိုသာ ရှာဖွေကြလေသည်။ ဤသို့ဖြင့် ရုက္ခစိုးနတ်မင်းလည်း ဘုံမပျောက်ဘဲ ချမ်းသာရာရ၏။
နတ်သဘင်အစည်းအဝေးပြုလုပ်ချိန်တွင် မင်္ဂလာသစ်ပင်မှ ရုက္ခစိုးနတ်မင်းသည် မိတ်ဆွေသမန်းမြက်ဖုတ်စောင့်နတ်အား ဂုဏ်ပြုလိုသောအားဖြင့် နတ်အပေါင်းတို့အား မိတ်ဆွေဖွဲ့ရာတွင် မိမိနှင့် တန်းတူသူတို့အားလည်းကောင်း၊ မိမိထက် ဘုန်းတန်ခိုးမြင့်သူတို့အား လည်းကောင်း၊ မိမိအောက် ဘုန်းတန်ခိုးနိမ့်သူတို့အားလည်းကောင်း ပေါင်းသင်းအပ်ကြောင်း ရှေးဦးစွာပြောလေသည်။ အယုတ်၊ အလတ်၊ အမြတ်မရွေး မိတ်ဆွေကောင်းစိတ်ရှိသူတို့သည် အဆွေခင်ပွန်း ဒုက္ခရောက်ချိန်တွင် မိမိစွမ်းသလောက် အကျိုးပြုကြကြောင်း၊ သမန်းမြက်ဖုတ်စောင့်နတ်သည် မိမိထက် ဘုန်းတန်ခိုးနည်းသော်လည်း မိမိဒုက္ခရောက်ချိန်တွင် အစွမ်းရှိသလောက် ကူညီစောင့်ရှောက်ပေးသဖြင့် မိမိမှာ ဆင်းရဲခြင်းအဖြစ်မှ လွတ်မြောက်ခဲ့ရကြောင်း ဆက်လက်ပြောကာ သမင်းမြက်ဖုတ်စောင့်နတ်အား နတ်သဘင်အစည်းအဝေးတွင် ချီးကျူးစကားဆိုလေသည်။
ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်လာ ကုသနာဠိဇာတ်တော်ကို မှီငြမ်းသည်။
ချမ်းမြေ့ (ရိုးရာလေး)