ယနေ့အချိန်အထိ အသုံးဝင်ဆဲဖြစ်တဲ့ ကမ္ဘာ့အချောဆုံးရုပ်ရှင်မင်းသမီးရဲ့ တီထွင်မှု

1-8-2022-yyl05.jpg

ဟေဒီလာမာကို ကမ္ဘာ့အချောဆုံးအမျိုးသမီးလို့ သတ်မှတ်ခဲ့ကြဖူးပါတယ်။ သူက အကျော်ကြားဆုံး ရုပ်ရှင်မင်းသမီးတစ်ယောက်ပါ။ ၁၉၄၀ ပြည့်နှစ်မှာ ဗြိတိန်ကျောင်းသား/သူ ၉၀ လိုက်ပါလာတဲ့ သင်္ဘောတစ်စီးကို နာဇီ U-Boat တွေက ပစ်ခတ်နှစ်မြှုပ်ပစ်ခဲ့ပြီး ကျောင်းသား/သူ ၇၇ ယောက် ရေနစ်သေဆုံးခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကို နာကျည်းခံပြင်းမိတဲ့ ဟေဒီလာမာက တေးရေးဆရာ ဂျော့အန်သီးလ်နဲ့ တွဲဖက်ပြီး မဟာမိတ်တပ်ဖွဲ့တွေအတွက် အသံလှိုင်းသုံး ရေအောက်ရှာဖွေရေးကိရိယာ (sonar sub-locator)ကို တီထွင်ခဲ့ကြပါတယ်။

သူတို့ရဲ့နည်းပညာဟာ နောက်ပိုင်းမှာ Bluetooth ၊ GPS ၊ CDMA၊ Wi-Fi စနစ်တွေမှာ ထည့်သွင်းအသုံးပြုနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၄ ခုနှစ်မှာ ဟေဒီလာမာကို အမေရိကန်နိုင်ငံရဲ့ ထင်ပေါ်ကျော်ကြား တီထွင်ဖန်တီးသူများ ပြတိုက်မှာ ထည့်သွင်းဂုဏ်ပြုခဲ့တာပါ။

ဂျူးမိဘနှစ်ပါးကနေ သြစတြီးယားနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဟေဒီလာမာဟာ ၁၉၃၃ ခုနှစ်က ထွက်ရှိတဲ့ Ecstasy ဇာတ်ကားမှာ လိင်အသားပေး သရုပ်ဆောင်မှုတွေကြောင့် နိုင်ငံတကာမှာ အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သူပါ။ အဲဒီဇာတ်ကားရိုက်ချိန်မှာ သူ့ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။

သူဟာ သြစတြီးယားနိုင်ငံရဲ့ တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ လက်နက်ပွဲစား မန်ဒယ်နဲ့ အိမ်ထောင်ကျခဲ့ပြီး မန်ဒယ်က သိပ္ပံပညာရှင်တွေ၊ စစ်လက်နက်နည်းပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ဟေဒီလာမာလည်း လိုက်ပါလေ့ရှိပါတယ်။ နဂိုကတည်းက တီထွင်ဖန်တီးမှုကို ဝါသနာပါတဲ့ ဟေဒီလာမာဟာ အဲဒီတွေ့ဆုံမှုတွေကြောင့် အသုံးချသိပ္ပံပညာရပ်မှာ ပိုမိုနှံ့စပ်လာခဲ့တာပါ။

မန်ဒယ်က သူ့ကို ရုပ်ရှင်မရိုက်ဖို့ ပိတ်ပင်ပြီး စိုးမိုးချုပ်ချယ်ခဲ့လို့ (အိမ်ထောင်ကျပြီး ၄ နှစ်အကြာဖြစ်တဲ့) ၁၉၃၇ ခုနှစ်မှာ အိမ်က ထွက်ပြေးခဲ့ပြီး ၁၉၃၈ ခုနှစ်ကစလို့ အမေရိကန်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။ သူဟာ အိမ်ထောင် ၆ ဆက်ရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်က အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ပရိသတ်အချစ်တော် မင်းသားကြီး ဂျွန်နီဒပ်ဖ်ကတောင် ဟေဒီလာမာရဲ့ထင်ပေါ်ကျော်ကြားမှုအကြောင်း သီချင်းတစ်ပုဒ် ရေးဖွဲ့သီဆိုထားပါတယ်။

Ref: Hedy Lamarr

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top