သူ့ခွေးလေးကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး သက်သာခဲ့ရတယ်ဆိုတဲ့ ဟင်နရီ ကာဗေးလ်

7.12.2021yyl18.png

ဟီးရိုးဇာတ်ကောင် စူပါမန်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဟင်နရီ ကာဗေးလ်က အပေါ်ဝတ်ရုံရှည်တွေဝတ်တဲ့ သူတွေတင် ဟီးရိုးမဟုတ်ဘဲ အမွေးပွတိရစ္ဆာန်တွေလည်း ဟီးရိုးပါတဲ့။ ဟင်နရီ ကာဗေးလ်က သူ့ရဲ့ခွေးလေးကို ဟီးရိုးအဖြစ် သတ်မှတ်ထားတာပါ။ သူ့ရဲ့ခွေးလေးက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို သက်သာအောင် လုပ်ပေးခဲ့တဲ့အတွက် ချီးကျူးလို့မဆုံးဖြစ်နေပါတယ်။ သူ့ခွေးလေးအကြောင်းကို British Talk Show “Lorraine” မှာ ထုတ်ပြောပြခဲ့တာပါ။

ဟင်နရီ ကာဗေးလ်က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြသမယ့် “The Witcher” Season2 အတွက် ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ “Lorraine” Talk Show ကို သူ့ရဲ့ခွေးလေး ကာလ်နဲ့အတူ ဒီဇင်ဘာ ၆ ရက်နေ့က လာရောက်ခဲ့တာပါ။ Talk Show မှာ “The Witcher” အကြောင်းပြောရင်းနဲ့ ဟင်နရီ သူ့ရဲ့ခွေးလေးအကြောင်း ပြောဖြစ်သွားခဲ့ပါတယ်။ ကာဗေးလ်က ရှိုးတင်ဆက်သူ လော့ရိန် ကယ်လီ (Lorraine Kelly) ကို ကာလ်ဟာ သူ့အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို ထုတ်ပြောပြခဲ့ပါတယ်။

“ကာလ်က ကျွန်တော့်ရဲ့အကောင်းဆုံးသူငယ်ချင်းပါပဲ။ ဘယ်နေရာသွားသွား ကျွန်တော်တို့အတူတူသွားကြတယ်။ အခုဆို ကာလ်က ၈ နှစ်ရှိပြီ။ သူက ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတွေကနေ အကြိမ်ပေါင်းများစွာ ကယ်တင်ပေးခဲ့တယ်” လို့ ကာဗေးလ်က ဆိုပါတယ်။ ဟင်နရီ ကာဗေးလ်က အာကီတာအမေရိကန်ခွေးအမျိုးအစား ကာလ်ရဲ့ပုံတွေကို Follower ၁၇.၇ သန်းရှိတဲ့ သူ့ရဲ့အင်စတာဂရမ်မှာ မျှဝေလေ့ရှိပါတယ်။ ကာဗေးလ်နဲ့ သူ့ရဲ့ခွေးလေးတို့ ဘယ်လောက်ရင်းနှီးမှုရှိလဲ၊ သူ့အတွက် ဘယ်လောက်အရေးပါလဲဆိုတာကို ပရိသတ်တွေ မြင်တွေ့ရမှာပါ။

အင်တာဗျူးအတွင်းမှာ ကာဗေးလ်က သူ့ရဲ့စူပါမန်းဝတ်စုံကို အဝတ်ဗီရိုထဲမှာ သိမ်းထားပြီး ဇာတ်ကောင်ကို ပြန်လည်အသက်သွင်းဖို့ ဖုန်းဆက်လာတာကို အဆင်သင့်စောင့်ဆိုင်းနေတယ်ဆိုတာကိုလည်း ထုတ်ပြောခဲ့ပါတယ်။ ကာဗေးလ်က စူပါမန်းဇာတ်ကောင်အဖြစ် ၂၀၁၃ခုနှစ် ဇာတ်ကား “Man of Steel” မှာ ပထမဆုံး ပါဝင်ခဲ့တာပါ။ အဲဒီနောက် “Batman v Superman: Dawn of Justice” နဲ့ “Justice League” ဇာတ်ကားတွေမှာလည်း စူပါမန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Ref: CNN “Henry Cavill says his dog, Kal, has saved his mental health”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top