တရုတ်အစိုးရအေးဂျင့်က ဗြိတိန်နိုင်ငံရေးလုပ်ငန်းစဉ်ကို စွက်ဖက်ဖို့ ကြိုးပမ်းနေတယ်လို့ MI5 သတိပေး

14-2-2022-yyl3.jpg

တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်နွှယ်နေတဲ့ အမျိုးသမီးတစ်ယောက်က ဗြိတိန်နိုင်ငံရေးလုပ်ငန်းစဉ်ကို ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းနေတယ်လို့ ဗြိတိန်ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ (MI5) က ဗြိတိန်လွှတ်တော်အမတ်တွေကို သတိပေးခဲ့ပါတယ်။ ခရစ္စတင်းချင်ကွေ့လီလို့ အမည်ရတဲ့ အမျိုးသမီးဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ United Front Work Department (UFWD) နဲ့ လျှို့ဝှက်ပူးပေါင်းလုပ်ဆောင်နေပြီး ဗြိတိန်နိုင်ငံရေးလုပ်ငန်းစဉ်မှာ ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းနေတယ်လို့ MI5 က ဆိုပါတယ်။

ချင်ကွေ့လီဟာ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေးပါတီတွေ၊ ပါလီမန်အမတ်တွေ၊ ပါလီမန်အမတ်ဖြစ်ဖို့ ကြိုးပမ်းနေသူတွေ၊ နိုင်ငံရေးယူနစ်တွေကို နိုင်ငံခြားသားတွေကိုယ်စား အလှူငွေတွေ ပေးအပ်နေတယ်လို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။ လေဘာပါတီလွှတ်တော်အမတ် ဘာရီဂါဒီနာဟာ ချင်ကွေ့လီထံကနေ အလှူငွေ ပေါင် ၄၂၀,၀၀၀ ကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ကုမ္ပဏီမှတ်တမ်းအရ ချင်ကွေ့လီကို ဗြိတိန်နိုင်ငံသူအဖြစ် ဖော်ပြထားပါတယ်။ ဗြိတိန်နိုင်ငံအတွင်း သူ့ရဲ့လုပ်ဆောင်မှုတွေဟာ ဗြိတိန်နိုင်ငံမှာရှိတဲ့ တရုတ်အသိုင်းအဝန်းကို ကိုယ်စားပြုပြီး အရောင်အသွေး ပိုမိုစုံလင်လာရေး ရည်ရွယ်တယ်လို့ ဆိုခဲ့ပေမဲ့ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်မြို့ အခြေစိုက် နိုင်ငံခြားသားတွေ ထောက်ပံ့ပေးထားတဲ့ ရန်ပုံငွေကို အသုံးပြုပြီး UFWD နဲ့ တိတ်တဆိတ်ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ MI5 က ပြောပါတယ်။

တရုတ်အစိုးရရဲ့ အေးဂျင့်တစ်ယောက်က ဗြိတိန်နိုင်ငံရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်ဖျက်စီးဖို့ ကြိုးပမ်းနေတယ်လို့ MI5 က လွှတ်တော်ဥက္ကဋ္ဌ လင်ဆေးဟိုလီကို သတိပေးခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အာဏာရကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဗြိတိန်လွှတ်တော်အမတ် ဒွန်ကန်စမစ်က လွှတ်တော်မှာ သတိပေး တင်ပြခဲ့တာပါ။

ဒါပေမဲ့ MI5 ရဲ့ စွပ်စွဲချက်ကို ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ငြင်းဆန်ခဲ့ပြီး ဗြိတိန်နိုင်ငံမှာရှိတဲ့ တရုတ်အသိုင်းအဝန်းကို အပုပ်ချ၊ အကြပ်ကိုင်ဖို့ ကြိုးစားနေတာလို့ တုံ့ပြန်ခဲ့ပါတယ်။ဒွန်ကန်စမစ်ဟာ တရုတ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်ပြီး ရှင်ကျန်းဒေသမှာရှိတဲ့ ဝီဂါမွတ်စလင်တွေအပေါ် တရုတ်အစိုးရရဲ့ ဆက်ဆံမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့လို့ ပြီးခဲ့တဲ့နှစ်မှာ တရုတ်အစိုးရရဲ့ အရေးယူပိတ်ဆို့မှု၊ ပြည်ဝင်ခွင့်ပိတ်ပင်မှု ခံခဲ့ရပါတယ်။

Ref: CNN “Woman connected to Chinese Communist Party ‘seeking to covertly interfere in UK politics,’ MI5 says”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top