ရေညှိအသုံးဝင်မှု အလားအလာကို တော်လှန်ပြောင်းလဲပစ်ဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယကုမ္ပဏီ

17-2-2022-yyl1.jpg

ဆူရှီလုပ်ဖို့၊ ဟင်းချိုချက်ဖို့ အသုံးပြုလေ့ရှိတဲ့ ရေညှိဟာ အစားအစာအဖြစ်သာမက အလှကုန်၊ အဝတ်အထည်၊ သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးနိုင်တဲ့ ထုတ်ပိုးပစ္စည်း၊ ဇီဝလောင်စာ အစရှိတဲ့ ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်ဖို့ အရေးပါတဲ့ကုန်ကြမ်းပစ္စည်းပါ။ ပုံမှန်အားဖြင့် ရေညှိကို သမုဒ္ဒရာထဲမှာ ကြိုးတန်းပြီး ဒါမှမဟုတ် ပိုက်ကွန်တွေ ချိတ်ဆွဲပြီး စိုက်ပျိုးလေ့ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအသုံးပြုနေတဲ့ နည်းပညာတွေအရ အကြီးအကျယ်စိုက်ပျိုးနိုင်ဖို့ နီးစပ်လာပါပြီ။

အိန္ဒိယနိုင်ငံ ဘန်ဂလိုရီမြို့အခြေစိုက် Sea6 Energy ကုမ္ပဏီကို တည်ထောင်သူ၊ ဇီဝရင်းမြစ်ဆေးဝါးတွေ အထူးထုတ်လုပ်တဲ့ အိန္ဒိယဆေးဝါးကုမ္ပဏီ Biocon ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာန အကြီးအကဲဟောင်း ဆာယာနာရာယန်ကတော့ သမုဒ္ဒရာထဲက စိုက်ပျိုးနည်းဟာ ကျောက်ခေတ်ကတည်းက အသုံးပြုလာခဲ့တာလို့ ဆိုပါတယ်။ ”သံလျှက်နဲ့ တူကို သုံးပြီး စိုက်ပျိုးရေးလုပ်နေသလိုပါပဲ” လို့ သူက ဆိုပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့တဲ့ Sea6 Energy ကုမ္ပဏီဟာ တောင်ယာစိုက်ပျိုးရေးမှာ ထွန်စက်တွေကို အသုံးပြုသလို သမုဒ္ဒရာစိုက်ပျိုးရေးမှာလည်း စက်ကိရိယာတွေကို အသုံးပြုဖို့ ဆန္ဒရှိနေပါတယ်။ သမုဒ္ဒရာထဲမှာ ရေညှိတွေကို ခူးဆွတ်ပြီး တပြိုင်တည်း ပြန်လည်စိုက်ပျိုးနိုင်စွမ်းရှိတဲ့ မောင်းသူမဲ့ယာဉ် (Sea Combine)ကို ဖန်တီးထားပါတယ်။ ဟောင်းလောင်းပွ ကိုယ်ထည် ၂ ခုပါတဲ့ Sea Combine ယာဉ်ဟာ ရေညှိစိုက်ခင်းတွေကြားထဲ လူးလားခေါက်တုံသွားပြီး ရင့်နေတဲ့ ရေညှိတွေကို ခူးယူ၊ ခူးလိုက်တဲ့ ရေညှိတွေနေရာမှာ ရေညှိအသစ်တွေ ပြန်လည်စိုက်ပျိုးပေးမှာပါ။

Sea Combine ရဲ့ ပုံစံငယ်ကို အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ဘက်မှာရှိတဲ့ Sea6 Energy ကုမ္ပဏီရဲ့ ရေညှိစိုက်ခင်းမှာ အသုံးပြုလျက်ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အစဉ်အလာအားဖြင့် ရွာသားတွေက ရေညှိပင်ပေါက်တွေကို ကြိုးနဲ့ချည်၊ ပင်လယ်ထဲဆွဲချသွားပြီး လက်နဲ့ပဲ အတန်းလိုက် စိုက်ပျိုးကြလေ့ရှိပါတယ်။ နည်းပညာ တိုးတက်လာပြီး ဈေးကွက်ကျယ်ပြန့်လာချိန်မှာတော့ Sea6 Energy ကုမ္ပဏီက အိန္ဒိယနိုင်ငံအပါအဝင် ရေညှိစိုက်ပျိုးတဲ့နိုင်ငံတွေမှာ Sea Combine ယာဉ်တွေကို ပိုအသုံးပြုဖို့ ရည်ရွယ်လျက်ရှိပါတယ်။

၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ကြားကာလအတွင်း ကမ္ဘာ့ရေညှိဈေးကွက် ပမာဏက ၂ ဆ ကြီးထွားလာပြီး ၂၀၁၈ ခုနှစ်မှာတော့ ရေညှိကုဗတန် ၃၃ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားလိုအပ်ချက်များပြီး ထုတ်လုပ်မှုစရိတ် ကြီးမြင့်တာက ဈေးကွက်ကြီးထွားမှုကို အဟန့်အတား ဖြစ်စေတယ်လို့ ဈေးကွက်သုတေသနကုမ္ပဏီ Fortune Business Insights က ပြောပါတယ်။

ရေညှိဈေးနှုန်း မြင့်မားမှုကြောင့် ရေညှိအသုံးပြုမှုအလားအလာကို ကန့်သတ်ထားသလိုဖြစ်နေပြီး လက်ရှိဈေးကွက်ထဲမှာ တန်ဖိုးကြီး စားစရာတွေ လုပ်ဖို့အတွက်ပဲ ရေညှိကို ဝယ်ယူအသုံးပြုလျက်ရှိတယ်လို့ ဆာယာနာရာယန်က ပြောပါတယ်။ Sea Combine စက်တွေကို အသုံးပြုရင် ကုန်ကျစရိတ် သက်သာစေပြီး ရေညှိဈေးနှုန်း ကျဆင်းလာစေမယ်၊ အဲဒါဆိုရင် ရေညှိကို လူသုံးပိုများလာမယ်လို့ သူက မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ရေညှိစိုက်ပျိုးတဲ့ ဒေသခံတွေ မထိခိုက်စေဖို့အတွက် သူတို့ကိုလည်း စက်တွေ ငှားပေးပြီး ရေညှိအကြီးအကျယ် စိုက်ပျိုးလို့ရအောင် ဆောင်ရွက်ပေးမယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ Sea Combine ဟာ Sea6Energy ကုမ္ပဏီရဲ့ ကျယ်ပြန့်တဲ့ လုပ်ငန်းဆောင်ရွက်မှုမှာ ကိရိယာတစ်ခုပါပဲ။ Sea6 Energy ကုမ္ပဏီဟာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ရှာဖွေနိုင်ခဲ့ပြီး လက်ရှိအချိန်မှာ Sea Combine စက်နဲ့ ခူးဆွတ်ထားတဲ့ ရေညှိတွေကို တိရစ္ဆာန်အစာ၊ ဓာတ်မြေသြဇာ အစရှိတဲ့ ထုတ်ကုန်ပစ္စည်းတွေ အသေးစားထုတ်လုပ်ဖို့ အသုံးပြုနေပါတယ်။

အစောပိုင်းနှစ်တွေမှာ ရင်းနှီးမြှုပ်နှံမှု မရရှိခဲ့လို့ သူတို့ကုမ္ပဏီရဲ့ ခရီးစဉ် နှောင့်နှေးကြန့်ကြာခဲ့ပေမဲ့ အခုအချိန်မှာတော့ အခြေခံအုတ်မြစ် ချပြီးပြီဖြစ်သလို နည်းပညာလည်း ဖွံ့ဖြိုးတိုးတက်လာပြီး ရာသီဥတု ပြောင်းလဲမှု လျော့ပါးသက်သာစေဖို့ ကမ္ဘာတစ်ဝန်းမှာ ရေညှိစိုက်ပျိုးမှုကို စိတ်ဝင်စားမှု သိသိသာသာ မြင့်တက်လာတာကြောင့် တိုးတက်မှုကို မြင်တွေ့ရတဲ့ အလှည့်အပြောင်းအမှတ် ရောက်ရှိနေပြီလို့ ဆာယာနာရာယန်က ပြောပါတယ်။

Sea6Energy ကုမ္ပဏီဟာ လာမယ့် ၃ နှစ်အတွင်း ရေညှိကို အသုံးပြုပြီး ဇီဝပလတ်စတစ် ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လန်ဒန်မြို့အခြေစိုက် တက်သစ်စကုမ္ပဏီ Notpla ဟာဆိုရင်လည်း အချိုရည်နဲ့ ဝက်အူချောင်းတွေ ထုတ်ပိုးဖို့အတွက် ရေညှိကနေ ထုတ်ပိုးမှုပစ္စည်း ထုတ်လုပ်နေပါတယ်။ Sea6 Energy ကတော့ ပလတ်စတစ်နဲ့ စက္ကူအိတ်တွေနေရာမှာ အစားထိုးအသုံးပြုနိုင်မယ့် သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးနိုင်တဲ့ ဖလင်ပြားထုတ်လုပ်ဖို့ ကနဦးအဆင့်ပဲ ရှိပါသေးတယ်။

Sea6 Energy ကုမ္ပဏီရဲ့ အနိ ္တမရည်မှန်းချက်ကတော့ ရေညှိကနေ ဇီဝလောင်စာ ထုတ်လုပ်ပြီး အိန္ဒိယနိုင်ငံရဲ့ ရေနံစိမ်းအပေါ် မှီခိုအားထားနေရမှုကို လျှော့ချပေးနိုင်ဖို့ပါပဲ။ ရေညှိကနေ ဇီဝလောင်စာ ထုတ်လုပ်နိုင်ဖို့ နည်းပညာပိုင်းအရ ဖြစ်နိုင်ပေမဲ့ စီးပွားဖြစ်ထုတ်လုပ်နိုင်လောက်တဲ့ အတိုင်းအတာရောက်ဖို့ အချိန်ယူရဦးမယ်လို့ ဆာယာနာရာယန်က ပြောပါတယ်။

သုတေသနနဲ့ တီထွင်ဆန်းသစ်မှုကို ပံ့ပိုးပေးတဲ့ လွိုက်ဒ်မှတ်တမ်းဖောင်ဒေးရှင်းရဲ့ အစားအစာစီမံကိန်းဒါရိုက်တာ ဗင်းဆင့်ဒူမိုင်ဇယ်ကတော့ ရေညှိကနေ ဇီဝလောင်စာထုတ်လုပ်မယ့်စီမံကိန်းကို သံသယရှိနေပါတယ်။ ” ရေနံဂါလံနည်းနည်းပါးပါးလောက်ရဖို့ ကျွန်တော်တို့ ရေညှိဟက်တာဧကပေါင်းများစွာ စိုက်ပျိုးရမှာပါ။ ကျွန်တော့်အတွက်တော့ ဇီဝလောင်စာထုတ်လုပ်ဖို့ ရေညှိစိုက်ပျိုးတယ်ဆိုတာ ရွှေကိုသုံးပြီး စကျင်ကျောက် ထုတ်နေသလိုပါပဲ” လို့ သူက ဆိုပါတယ်။

Sea6 Energy အနေနဲ့ ရေညှိကနေ ဇီဝလောင်စာဆီ ထုတ်လုပ်ဖို့ ကြိုးစားမယ့်အစား ချက်ချင်းလက်ငင်း အကျိုးရှိစေမယ့် ကဏ္ဍတွေမှာ ရေညှိကို အသုံးပြုနိုင်ဖို့ အာရုံစိုက်သင့်တယ်လို့ ဆိုပါတယ်။ ရေညှိပါဝင်တဲ့ နွားစာဟာ နွားတွေကို ဘိုဗိုင်းမီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့ကျစေနိုင်ပါတယ်။ ရေညှိထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ နွားဗိုက်ထဲက ပိုးမွှားတွေ ဘိုဗိုင်းမီသိန်းဓာတ်ငွေ့ မထုတ်လွှတ်အောင် တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ဇီဝပလတ်စတစ် ထုတ်နိုင်ရင် ကာဗွန်ထုတ်လွှတ်မှု လျှော့ကျစေနိုင်မှာဖြစ်ပြီး အာဟာရပြည့်စေမယ့် အရာတွေ ထုတ်လုပ်ရင်လည်း ကြီးထွားလာတဲ့ ကမ္ဘာ့လူဦးရေကို အာဟာရအဖြစ် ကျွေးမွေးနိုင်မှာပါ။

ပထမဆုံးအနေနဲ့ ရင်းနှီးမြှုပ်နှံမှု အရှိန်ရလာဖို့ လိုအပ်ပြီး ကုန်ထုတ်လုပ်နိုင်မယ့် အတိုင်းအတာအထိ စိုက်ပျိုးနိုင်မယ့် နည်းပညာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကို ဒူမိုင်ဇယ်က ချီးကျူးသွားခဲ့ပါတယ်။ ရေညှိရဲ့ အသုံးဝင်မှု အလားအလာသစ်တွေ ရှာဖွေနေတာ Sea6 Energy ကုမ္ပဏီတစ်ခုတည်း မဟုတ်ပါဘူး။ နော်ဝေကုမ္ပဏီ Seaweed Solutions ကလည်း ရေနက်ထဲမှာ ရေညှိအများအပြား စိုက်ပျိုးနိုင်မယ့် စာရွက်နဲ့တူတဲ့ ကိရိယာ Seaweed Carrier ကို ဒီဇိုင်းဖန်တီးထားပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် AtSeaNova ကလည်း အပင်စိုက်၊ ရိပ်သိမ်းလုပ်နိုင်မယ့် စက်တစ်မျိုးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေပါတယ်။

” သမုဒ္ဒရာထဲက စိုက်ပျိုးမှုဟာ ကမ္ဘာဂြိုဟ်ကို ရေရည်ထိန်းသိမ်းနိုင်စေမယ့် နည်းလမ်းတစ်သွယ်ပါပဲ။ စီးပွားရေးအရ အမြတ်အစွန်းကျန်အောင် လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့အလုပ်၊ ကျွန်တော်တို့ရဲ့ခရီးကို အကောင်အထည် ဖော်နိုင်မှာပါ” လို့ ဆာယာနာရာယန်က ပြောပါတယ်။

Ref: CNN “An Indian startup could revolutionize ocean farming with its ‘sea combine harvester'”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top