ဒေါက်တာ ဘက်သနီကို ဟာ အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းအမျိုးသမီးဘောလုံးအသင်းတစ်ခုဖြစ်တဲ့ Chelsea FC Women မှာ ပထမအသင်း ရဲ့ ဆေးဘက်ဆိုင်ရာ ဒေါက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ စင်ကာပူနိုင်ငံသူတစ်ဦးပါ။
သူဟာ အသက် ၁၀ နှစ်အရွယ် ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပွဲစဉ်ကာလမှာ ဘောလုံးကစားရတာကို စတင်နှစ်ခြိုက်ခဲ့ပြီး ကျောင်းဆင်းချိန်နဲ့ အားလပ်ချိန်တွေမှာ သူငယ်ချင်းတွေနဲ့အတူ ဘောလုံးကစားခဲ့ပါတယ်။
အလယ်တန်းရောက်ချိန်မှာ မိန်းကလေးဘောလုံးအသင်း (CCA) တည်ထောင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကျောင်းအုပ်ကြီးက “ဘောလုံးက မိန်းကလေးတွေအတွက် မဟုတ်ဘူး” ဆိုပြီး ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ ဘောလုံးဝါသနာကို မပျောက်ကွယ်စေဘဲ ကွင်းပြင်တွေမှာ ဆက်လက်ကစားခဲ့ပါတယ်။
အဲ့ဒီနောက် သူက Victoria Junior College မှာ ဆက်လက်ပညာသင်ကြားခဲ့ပြီး ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်မှာ ‘A’ Division ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကျောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကျောင်းပြီးတဲ့အခါ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ Kinesiology (လူ့ခန္ဓာကိုယ်လှုပ်ရှားမှုဆိုင်ရာ သိပ္ပံပညာ) ကို လေ့လာခဲ့ပြီး၊ အင်္ဂလန်နိုင်ငံမှာ ဆေးပညာဘွဲ့ ကို ဆက်လက်ဆည်းပူးခဲ့ပါတယ်။
ဗြိတိန်ရှိ အားကစားဆေးပညာဆိုင်ရာ အခမဲ့ဟောပြောပွဲတွေနဲ့ ဥရောပ၊ အမေရိကန်တို့မှာ ကျင်းပတဲ့ အားကစားညီလာခံတွေဆီ သွားရောက်ပြီး အားကစားဆရာဝန်တွေနဲ့ မိတ်ဖွဲ့ခြင်း၊ အကြံဉာဏ်တောင်းခံခြင်းတို့ဖြင့် သူမရဲ့ အိပ်မက်လမ်းကြောင်းကို ဆက်ဖောက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ Brighton & Hove Albion Women အသင်းအတွက် Locum ဒေါက်တာတစ်ဦးအဖြစ် ပွဲစဉ်နှစ်ပွဲမှာ စတင်ဆေးကုသပေးခဲ့ပါတယ်။ အဲ့ဒီနောက် London City Lionesses အသင်းမှာ ပထမအသင်းဆရာဝန်အဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဩဂုတ်လမှာတော့ Chelsea FC Women အသင်းကြီးဆီသို့ အပြည့်အဝဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိမှာ အမျိုးသမီးပွဲစဉ်ပေါင်း ၆၀ ကျော်ကို ဆေးဘက်ဆိုင်ရာ အကာအကွယ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ပွဲစဉ်တွေအတွင်း ကစားသမားတွေ ထိခိုက်ဒဏ်ရာရရှိမှု (ဥပမာ- ဦးခေါင်းထိခိုက်မှု၊ ခြေထောက်ကြွက်သားဒဏ်ရာများ) ကို အရေးပေါ် ကုသပေးရပါတယ်။ ဒဏ်ရာအနာတရတွေသာမက အအေးမိဖျားနာခြင်း၊ ဓာတ်မတည့်ခြင်း (Hay fever)၊ ရာသီလာစဉ် ကိုက်ခဲခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း တာဝန်ယူကုသပေးပါတယ်။
ကစားသမားတစ်ဦးချင်းစီရဲ့ ကြံ့ခိုင်မှုကို အကဲဖြတ်ပြီး ပွဲကစားခွင့် မပေးဘဲ နားခိုင်းရတာမျိုး (ဥပမာ- ရောဂါလက္ခဏာပြင်းထန်ပါက ရင်ဘတ်ကြွက်သားထိခိုက်နိုင်ခြေကို ကာကွယ်ရန်) စတဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ပြတ်သားစွာ ချမှတ်ရပါတယ်။
ဒေါက်တာဘက်သနီကိုဟာ ငယ်စဉ်က အတားအဆီးတွေ ရှိခဲ့ပေမဲ့ မိမိဝါသနာပါရာ လမ်းကြောင်းကို ကြိုးစားဖောက်ထွက်ခဲ့လို့ အခုအခါမှာတော့ ကမ္ဘာ့ထိပ်တန်း အားကစားကလပ်တစ်ခုရဲ့ အရေးပါတဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။
Ref: Her school principal told her football wasn’t for girls – she’s now a doctor for a top women’s club in England
WL (ရိုးရာလေး)

