သင့်ကျန်းမာရေးအတွက် ရိုးရှင်းလှတဲ့အချက် ၅ ချက်ကိုလိုက်နာပါ

25-11-2020-yyl-040.jpg

ကျန်းမာရေး ကောင်းဖို့ဟာ လူတိုင်းရဲ့ဆန္ဒဖြစ်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကောင်းမှ တခြားလူမှုစီးပွားရေးကိစ္စတွေကို အင်ပြည့်အားပြည့်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါဘယကင်းဝေးပြီး ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် ရောဂါဖြစ်မှကုသတာထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်ပါတယ်။ အထူးသဖြင့် နေထိုင်မှုပုံစံ (Lifestyle) ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေဖြစ်အောင် နေထိုင်ကျင့်သုံးသင့်ပါတယ်။

ယခုဖော်ပြပေးမှာကတော့ သင့်ကျန်းမာရေးကို အထောက်အကူပြုမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အဆိုပါနည်းလမ်းတွေဟာ ရိုးရှင်းသလောက် လိုက်နာရင်လိုက်နာသလို သင့်အတွက် အကျိုးရှိမှာပဲ ဖြစ်ပါတယ်။

၁။ သင့်ကိုယ်ခန္ဓာကို အဆိပ်အတောက်တွေ မပေးပါနဲ့

လူအများစုဟာ အဆိပ်အတောက်တွေကို မကောင်းမှန်းသိလျက်နဲ့ ကိုယ်ခန္ဓာအတွက် သုံးစွဲနေကြပါတယ်။ ဥပမာပေးရရင် ဆေးလိပ်စီးကရက်၊ အရက်၊ မူးယစ်ဆေး စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ အဆိပ်အတောက်များဟာ စတင်သုံးစွဲမိတာနဲ့ နောက်ပိုင်းမှာ မသုံးစွဲရရင်မနေနိုင်အောင် ဖြစ်စေတာမို့ စတင်ခြင်းမပြုအပ်တဲ့ အရာတွေပါပဲ။ ခြွင်းချက်အနေနဲ့ အယ်လ်ကိုဟောကတော့ အတိုင်းအတာတခုအထိ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဒါပေမယ့် အလွန်အကျွံသုံးစွဲမိရင် ကျန်းမာရေးကို ထိခိုက်လာပါတယ်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး စတာတွေကို အလွန်အကျွံသုံးစွဲဖြစ်တာကြောင့် မိမိတကိုယ်ကျန်းမာရေးသာမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။

နောက်တစ်မျိုးကတော့ အသင့်စားသရေစာ (junk food) တွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အသင့်စားသရေစာများဟာ စားချင်စိတ်ပေါက်အောင် နည်းအမျိုးမျိုးနဲ့ဆွဲဆောင်ပေမယ့် ရေရှည်စားသုံးရင် ကျန်းမာရေးကို ထိခိုက်လာစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် သကြားဓာတ်လွန်ကဲပြီး ပုံပြောင်းဆီတွေပါဝင်ပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းတွေဟာ သင့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

၂။ ပစ္စည်းများ မ ပါ၊ လှုပ်ရှားပါ

ဒါဟာ သင့်ကြွက်သားတွေကို အသုံးချပါလို့ ဆိုလိုတာဖြစ်ပါတယ်။ အလေးမလေ့ကျင့်ခန်းဟာ သင့်ကြွက်သားတွေကို ဖွံ့ဖြိုးလာစေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ သီးသန့်အချိန်ပေးပြီး လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တောင် သင့်အနီးအနားက အရာဝတ္တုတွေကို မ ယူ ရွှေ့ပြောင်းပေးခြင်းဟာလည်း သင့်ကြွက်သားတွေကို လေ့ကျင့်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် သင့်အင်အားနဲ့ မ လို့ရတဲ့ ပစ္စည်းတွေကို မ ဖို့၊ သယ်ယူဖို့ မပျင်းပါနဲ့။ အလေးမခြင်းဟာ ကြွက်သားတွေကို အလုပ်ပေးရာရောက်ရုံမကဘဲ ဦးနှောက်နဲ့ ဟော်မုန်းတွေအတွက်ပါ အထောက်အကူဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

လေ့ကျင့်ခန်းအတွက် အားကစားခန်းမကို သွားရောက်ဖို့ အချိန်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ တကူတကမသွားနိုင်ရင်လည်း ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ တနေ့ကို နာရီဝက်ခန့် လမ်းလျှောက်ပေးခြင်းဟာ သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေနည်းစေပါတယ်။ ဒါကြောင့် ပစ္စည်းတွေကို မ ပါ၊ လှုပ်ရှားပါ။ တချိန်လုံး ထိုင်နေခြင်းဟာ သင့်ကျန်းမာရေးကို အထောက်အကူမပြုပါဘူး။

၃။ ကလေးလို အိပ်ပါ။

နှစ်ခြိုက်စွာ အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုသလို အိပ်ရေးပျက်ခြင်းဟာလည်း ရောဂါဘယမျိုးစုံနဲ့ ဆက်နွယ်နေပါတယ်။ အထူးသဖြင့် အဝလွန်ခြင်းနဲ့ နှလုံးရောဂါ ဖြစ်ပါတယ်။

ဒါကြောင့် ကလေးတွေ အိပ်တဲ့အခါ အရာအားလုံးကို မေ့ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သလို အိပ်စက်ပါ။ သင့်ကို စိတ်ကြည်လင်စေပြီး တနေ့တာအတွက် ခွန်အားတွေ ပေးပါလိမ့်မယ်။

နှစ်ခြိုက်စွာအိပ်ပျော်နိုင်ဖို့ဆိုရင် အိပ်ချိန်နဲ့နီးပြီး ကော်ဖီမသောက်ပါနဲ့။ နေ့တိုင်းမှာ တူညီတဲ့အချိန်ဇယားအတိုင်း အိပ်စက်ပါ။ မီးအလင်းရောင်ပိတ်ပြီး အိပ်ပါ။ မအိပ်ခင်မှာလည်း မီးကိုမှိန်မှိန်သာ ထွန်းထားပါ။

အိပ်ခန်းအတွင်းမှာ ရနံ့သင်းပျံ့တဲ့ ပန်း၊ ဒါမှမဟုတ် ရနံ့အိတ်လေးတွေထားပါ။ သင်ကောင်းကောင်းအိပ်ပျော်ရင် နောက်တရက်အတွက် စိတ်ရောကိုယ်ပါ လန်းဆန်းရုံမက ရေရှည်မှာ ကျန်းမာရေးကောင်းအောင် အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။

၄။ စိတ်ဖိစီးမှု လျှော့ချပါ

စိတ်ဖိစီးခြင်းဆိုတာ နေ့စဉ်ဘဝမှာ မရှောင်လွှဲနိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ တကယ်တော့ သင့်ရဲ့တနေ့တာ လုပ်ငန်းတွေအတွက် ပြီးမြောက်အောင် အားစိုက်နိုင်ဖို့ ဖိစီးမှုကို အတိုင်းအတာတခုအထိ လိုအပ်ပါတယ်။ ဒါပေမယ့် တချိန်လုံး စိတ်ဖိစီးမှုကြီးမားနေရင်တော့ ကျန်းမာရေးကို ထိခိုက်လာပါလိမ့်မယ်။

အထူးသဖြင့် ကော်တီဆောဟော်မုန်းမြင့်မားပြီး ဇီဝဖြစ်စဉ်လည်း ကမောက်ကမဖြစ်လာပါလိမ့်မယ်။ သရေစာတွေကို တစွတ်စွတ်စားလာပြီး ရောဂါဘယတွေ ဖြစ်နိုင်ခြေများလာပါတယ်။ စိတ်ဖိစီးဖန်များလာရင် စိတ်ဓာတ်ကျခြင်းပါ ဖြစ်လာနိုင်ပါတယ်။

စိတ်ဖိစီးမှုလျှော့ချဖို့အတွက် လမ်းလျှောက်ခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် စကားပြောဆိုခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း၊ ယောဂကျင့်ခြင်း စတဲ့နည်းလမ်းမျိုးစုံ ဆောင်ရွက်နိုင်ပါတယ်။ အကယ်၍ မိမိဖာသာ ဖြေရှာင်းလို့ အဆင်မပြေရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၅။ အစားကောင်း အသောက်ကောင်းစားပါ

ဒီနေရာမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စားသရေစာတွေ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေကိုရှောင်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို စားသုံးဖို့ ဆိုလိုပါတယ်။ ကောင်းတာကတော့ အသားငါးနဲ့ အသီးအရွက်တွေကို မျှတအောင် စားဖို့ပါပဲ။

အသားငါး၊ ကြက်ဘဲ၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အစေ့အဆန်မျိုးစုံ နေ့စဉ်စားသုံးသင့်ပါတယ်။ တနေ့တာလိုအပ်တဲ့ ကာဘိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတိန်း စတာတွေကို မျှတစွာ စားသုံးရင် သင့်ကျန်းမာရေးဟာ ကောင်းမွန်တဲ့ အခြေအနေမှာရှိပြီး ရောဂါဘယကင်းဝေးမှာ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

Ref : hellosayarwon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top