နာမည်ကျော်ကိုရီးယားစုံတွဲ ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့ရဲ့ မင်္ဂလာပွဲအခမ်းအနား

1-4-2022-yyl-01.jpg

ဒီကနေ့ မတ်လ ၃၁ ရက်နေ့ကတော့ ကမ္ဘာ့တစ်ဝှမ်းက အင်တာနက်အသုံးပြုသူတွေ မင်းသားဟွန်ဘင်းနဲ့ မင်းသမီးဆွန်ရီဂျင်းတို့ရဲ့မင်္ဂလာပွဲကို ဂုဏ်ပြုပေးနေကြတဲ့နေ့တစ်နေ့ပါပဲ။ ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့ဟာ ဆိုးလ်မြို့က Walkerhill Hotel Aston House မှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ အနုပညာနယ်ပယ်က သရုပ်ဆောင်တချို့နဲ့ သီးသန့်မင်္ဂလာပွဲကို ဒီကနေ့ ကျင်းပဆင်နွှဲခဲ့ပါတယ်။ မင်္ဂလာပွဲမတိုင်ခင်က သူတို့စုံတွဲရဲ့အေဂျင်စီက Pre Wedding ဓာတ်ပုံတချို့ကို ထွက်ရှိပေးခဲ့ပါတယ်။

“မင်းသမီး ဆွန်ရီဂျင်းနဲ့ ဟွန်ဘင်းတို့ဟာ ဒီနေ့ မင်္ဂလာပွဲ ကျင်းပဆင်နွှဲနေပါတယ်။ အိမ်ထောင်သည်ဘဝကို လျှောက်လှမ်းကြတော့မှာပါ။ အခမ်းအနားကို ကိုဗစ်အခြေအနေကို ထည့်စဉ်းစားပြီး သီးသန့်ကျင်းပသွားမှာပါ။ ဒါကြောင့် နားလည်ပေးကြဖို့ တောင်းဆိုပါတယ်။ အဲဒီအစား သူတို့ရဲ့မင်္ဂလာဓာတ်ပုံတွေနဲ့ သတင်းကို ကျွန်တော်တို့ မျှဝေပေးနေတာပါ။ သူတို့ကို ဆုတောင်းပေးကြတဲ့အတွက် အားပေးပံ့ပိုးပေးကြတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့က သူတို့ရဲ့အေဂျင်စီတွေနဲ့အတူ သူတို့ရရှိခဲ့တဲ့ချစ်ခြင်းမေတ္တာတွေအတွက် ပြန်ပေးဆပ်ဖို့ ဆက်လက်ပြီး လုပ်ဆောင်သွားမှာပါ” လို့ မင်္ဂလာဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။

မင်္ဂလာပွဲကို သီးသန့်ကျင်းပတာဖြစ်တဲ့အတွက် သတင်းမီဒီယာတွေလည်း ဓာတ်ပုံရိုက်ခွင့်မရကြတဲ့ပုံပါပဲ။ မင်္ဂလာပွဲက ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့ရဲ့ဓာတ်ပုံတွေ တရားဝင်ထွက်ရှိလာခြင်းမရှိခဲ့ပါဘူး။ အဝေးကနေ လှမ်းရိုက်ထားတဲ့ပုံတွေကိုပဲ လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့ခဲ့ကြရပါတယ်။ မင်္ဂလာအခမ်းအနားမှာ ပတ်ဂယောင်လင် (Park Kyung Lim) က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး မင်းသား ဂျန်ဒေါင်ဂန် (Jang Dong-gun) က ဂုဏ်ပြုစကားဖတ်ကြားပေးခဲ့ပါတယ်။

အဆိုတော်တွေဖြစ်တဲ့ ဂူမီ (Gummy)၊ ကင်ဘမ်ဆိုး (Kim Bum Soo) နဲ့ ပေါလ်ကင်မ် (Paul Kim) တို့ကလည်း ဂုဏ်ပြုသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဂူမီက ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့အတူ သရုပ်ဆောင်ခဲ့ကြတဲ့ Crash Landing On You ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်သီချင်း “Give You My Heart” ကို သီဆိုခဲ့ပြီး ကင်ဘမ်ဆိုးက ဟွန်ဘင်းရဲ့ Hyde, Jekyll and I ဇာတ်လမ်းတွဲ ဇာတ်ဝင်သီချင်း “Only You” ကို သီဆိုခဲ့ပါတယ်။ ပေါလ်ကင်မ်ကတော့ “Every Day, Every Moment” သီချင်းကို သီဆိုပေးခဲ့ပါတယ်။

အနုပညာရှင်တွေဖြစ်ကြတဲ့ အန်ဆန်းကီ (Ahn Sung-ki)၊ ပတ်ဂျွန်ဟွန်း (Park Joong-hoon)၊ ဟွမ်ဂျောင်မင်း (Hwang Jung-min)၊ ဟန်ဂျယ်ဆောက် (Han Jae-suk)၊ ဂုံယိုး (Gong Yoo)၊ ဟာဂျီဝန် (Ha Ji-won)၊ ဂုံဟိုဂျင်း (Gong Hyo-jin)၊ ယွန်နာ (Yoona)၊ ဂျောင်ဟယ်အင်း (Jung Hae-in)၊ ဂျွန်မီဒို (Jeon Mi Do) တို့က မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြပါတယ်။ မင်းသမီးဂုံဟိုဂျင်းဆိုရင် သတို့သမီးရဲ့မင်္ဂလာပန်းစည်းကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့အတွဲက ၂၀၁၈ခုနှစ်ရဲ့ ‘The Negotiation’ ဇာတ်ကားနဲ့ ၂၀၁၉ခုနှစ်ရဲ့ “Crash Landing on You” ဇာတ်လမ်းတွဲတွေမှာ အတူတူသရုပ်ဆောင်ခဲ့ကြတာပါ။ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာ သူတို့ တွဲနေတယ်ဆိုတာကို အတည်ပြုပေးခဲ့ပြီး ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှာ မင်္ဂလာသတင်းကို ကြေညာခဲ့ပါတယ်။

Ref: Allkpop & Koreaboo “Here’s Everything We Know About Hyun Bin And Son Ye Jin’s Wedding Happening Right Now”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top