ရေနံကုမ္ပဏီတွေရဲ့အန္တရာယ်ကနေ အမေဇုန်တောကို အသက်စွန့်ကာကွယ်သွားကြမယ့်သူများ

13-5-2022-yyl-15.jpg

အမေဇုန်တောကို ရေနံကုမ္ပဏီတွေ ဖျက်ဆီးပစ်နေတာကနေ ကာကွယ်ဖို့အတွက် သေတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောလာပါတယ်။ ရေနံကုမ္ပဏီတွေက အီကွေဒေါနိုင်ငံရဲ့ ပါစတာဇာမြစ်ပေါ်မှာ ရေနံရှာဖွေရေးနေရာတစ်ခုဖွင့်ဖို့ ကြိုးပမ်းနေခဲ့တာ အနှစ် ၂၀ ကျော်ပါပြီ။ အဲဒါကို ဆန့်ကျင်တွန်းလှန်နေတဲ့ လူတွေရဲ့အင်အားကြောင့် ရေနံရှာဖွေရေးနေရာဖွင့်မယ့်အစီအစဉ်က မအောင်မြင်ခဲ့ပါဘူး။

အီကွေဒေါနိုင်ငံရဲ့အမေဇုန်နယ်မြေအများစုကို ရေနံလုပ်ကွက်တွေအဖြစ် ပိုင်းခြားထားပြီး အဲဒါက မိုးသစ်တောတစ်လျှောက် ရေနံရှာဖွေရေးကို ဆက်လက်လုပ်ဆောင်မယ့် အစိုးရရဲ့အစီအစဉ်ကို အချက်ပြနေတာပါ။ Block 28 ဧရိယာမှာရှိတဲ့ မြစ်ပေါ်မှာ ဆောက်လုပ်ဖို့ နောက်ဆုံးကြိုးပမ်းမှုဟာ ၂၀၂၀ခုနှစ်ကဖြစ်ပြီး သကုဏဗေဒပညာရှင် ရိုစီ ဂိုင်ဘော် (Rossy Gaibor) က အဲဒါကို ရပ်တန့်မယ့် ကမ်ပိန်းမှာ ပါဝင်ခဲ့ပါတယ်။

သူက သဘာဝတရားအတွက် အသက်ကို စတေးဖို့ ဆန္ဒရှိနေပါတယ်။ သဘာဝတရားမရှိရင် အသက်တွေဘဝတွေဆိုတာရှိမှာမဟုတ်တဲ့အတွက်ကြောင့်ပါ။ သူက ဒီပြဿနာကို ဖြေရှင်းရာမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ချင်ခဲ့တာပါ။ အသက်ရှင်နေသရွေ့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါတဲ့။

ပါစတာဇာမြစ်က အဲဒီနေရာအတွက် ဂေဟဗေဒဆိုင်ရာအရေးပါမှုဖြစ်ပြီး ငှက်မျိုးစိတ်ပေါင်း ၈၅ မျိုးကျော်နေထိုင်ကျက်စားရာ နေရာဖြစ်ပါတယ်။ မျိုးစိတ် ၄ မျိုးက မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေပါတယ်။ Block 28 က ဧရိယာ ၁၇၅,၂၅၀ ဟက်တာရှိပြီး အဲဒါရဲ့ ၉၇ ရာခိုင်နှုန်းက ပါစတာဇာအပိုင်းမှာ တည်ရှိကာ ခန့်မှန်းခြေ ရေနံစည်ပေါင်း သန်း ၃၀ ကနေ ၅၀ အထိ ပါဝင်ပါတယ်။ ဒါက အခြေချနေထိုင်နေတဲ့ Kichwa လူတွေရဲ့မြေတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေပါတယ်။

အီကွေဒေါနိုင်ငံပိုင် အမေဇုန်မိုးသစ်တောအခြေစိုက် တိုင်းရင်းသားမျိုးနွယ်များအဖွဲ့အစည်း (CONFENIAE) ရဲ့ဆက်သွယ်ရေးဒါရိုက်တာဖြစ်တဲ့ အန်ဒရီ တာပီရာ(Andrés Tapia)ကလည်း Block 28 ကို ဆန့်ကျင်တဲ့ ကမ်ပိန်းလှုပ်ရှားမှုမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပါတယ်။ ရေနံကုမ္ပဏီတွေက Block 28 ကို အပြည့်အဝအသုံးချနိုင်မယ့် ရည်ရွယ်ချက်နဲ့ ကျောင်းတွေမှာ ကျောင်းဝတ်စုံတွေ၊ ကျောင်းသုံးပစ္စည်းတွေ ပေးပြီး လာဘ်ထိုးဖို့ကြိုးစားခဲ့ကြတယ်လို့ အန်ဒရီက ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက လူတွေကို အထိတ်တလန့်ဖြစ်စေခဲ့တဲ့အတွက် ရေနံကုမ္ပဏီတွေဆီကနေ အကူအညီတွေလက်ခံခဲ့ရပါတယ်။ အဲဒီလိုလက်ခံလိုက်တာဟာ ကုမ္ပဏီက ရေနံလုပ်ကွက်ကို ရှေ့ဆက်ဖို့ လူတွေရဲ့သဘောတူညီချက်ရတယ်လို့ မှတ်ယူခဲ့ကြတယ်။ ရေနံကုမ္ပဏီတွေရဲ့ ဆင်းရဲမွဲတေမှုကို ရပ်တန့်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ယုံကြည်နေကြတဲ့ သူတစ်ချို့လည်းရှိပါတယ်။ အဲဒီနေရာက လူတွေဟာ ရိုးနုံကြတဲ့အတွက် အဲဒါအပေါ် ယုံကြည်နေမိကြတယ်လို့ CONFENIAE ရဲ့ဉက္ကဌ မာလွန် ဗာဂတ်စ် (Marlon Varga)က ပြောပါတယ်။

ရေနံကုမ္ပဏီတွေက တူးဖော်ရေးလုပ်ငန်းစဉ်မစတင်မီ အဲဒီနေရာက လူတွေနဲ့ တရားဝင်ညှိနှိုင်းဆွေးနွေးခြင်းမရှိခဲ့တဲ့အတွက် ကမ်ပိန်းတက်ကြွလှုပ်ရှားသူတွေက အချိန်မီတားဆီးနိုင်ခဲ့ပါတယ်။ လူထုရဲ့အင်အားကြောင့် Block 28 ရဲ့ ရေနံတူးဖော်ရေးက ရပ်တန့်ခဲ့ပြီး ပါဝင်လုပ်ဆောင်ခဲ့တဲ့ ကုမ္ပဏီတွေ ဆုတ်ခွာသွားခဲ့ပါတယ်။ ပါစတာဇာရဲ့လူတွေကလည်း သူတို့ရဲ့မြေကို ဆက်လက်ခုခံကာကွယ်ပြီး ဖျက်ဆီးဖို့ ကြိုးပမ်းတဲ့သူတိုင်းကို တွန်းလှန်သွားမယ်လို့ ကတိပြုထားကြပါတယ်။

Ref: TheMirror “Heroes who will ‘fight to the death’ to save Amazon rainforest from oil giants”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top