၁၁၀၀၀ ဗို့အားရှော့ကြောင့် ဓာတ်လိုက်ခံခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံးပျက်စီးသွားခဲ့ပေမဲ့ အသက်ရှင်ခဲ့သူ

13-5-2022-yyl-09.jpg

ဒါရန် ဟာရစ် ဆိုသူက ၁၁၀၀၀ ဗို့အားရှော့ကြောင့် ဓာတ်လိုက်ခံခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားခဲ့ပါတယ်။ သူ့ကို “လူသားမီးဘောလုံး (Human Fireball” လို့တောင် ခေါ်ကြပါတယ်။ ဒါရန် ဓာတ်လိုက်ခံခဲ့ရတဲ့ ၂၀၂၀ခုနှစ် နိုဝင်ဘာလမှာ သူဟာ ဝုဖ်ဗာဟန်တမ်မြို့တွင်း လှည့်လည်သွားလာပြီး စွန့်ပစ်သံမဏီစက်ရုံကနေ သံတိုသံစတွေ ရှာဖွေစုဆောင်းနေခဲ့တာပါ။ အဲဒီအဆောက်အဉီးကို ဖြိုဖျက်ဖို့ စီစဉ်ထားတဲ့အတွက် လျှပ်စစ်တွေ ဖြတ်ထားတယ်လို့ ထင်ပြီး ဒါရန်က ကြေးနီဘားတစ်ခုပေါ် သူ့လက်ကို တင်မိလိုက်တာပါ။ ချက်ခြင်းပဲ ဗို့အားကြောင့် သူ လွင့်စဉ်ထွက်သွားခဲ့ပါတယ်။

ဒါရန်ကတော့ မိနစ်တော်တော်ကြာ အသက်သေဆုံးခဲ့ပေမဲ့ အသက်ပြန်ရှင်လာခဲ့တယ်လို့ ဆိုပါတယ်။ သူ အသက်ပြန်ရှင်လာတဲ့အချိန် သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းထားပါတယ်။ ကံကောင်းထောက်မစွာနဲ့ အဆောက်အဉီးနားဖြတ်သွားတဲ့ လူနာတင်ယာဉ်ကို လက်ပြတားနိုင်ခဲ့ပါတယ်။ ဘားတစ်ခုအပေါ် ကျွန်တော့်လက်ကို တင်လိုက်ပြီးတော့ ကျွန်တော့်ခန္ဓာကိုယ်က အခန်းတစ်ဝိုက် လွင့်စဉ်ထွက်သွားခဲ့တယ်။ ကျွန်တော့်ဘဝရဲ့အမှတ်တရတွေကို ရုတ်တရုတ်သတိရခဲ့ပြီး မိနစ်အနည်းငယ်လောက် ကျွန်တော် သေဆုံးသွားခဲ့တယ်။

ဘယ်အရာက ကျွန်တော့်ကို အသက်ပြန်ရှင်လာစေခဲ့လဲဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ကျွန်တော် နိုးလာပြီး ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းပြီး လူသားမီးလုံးဖြစ်ခဲ့တယ်ဆိုတာတော့ ကျွန်တော်မှတ်မိတယ်။ ကျွန်တော် အသက်လုနေရပြီ။ ခန္ဓာကိုယ်ပျက်စီးနေပြီ။ ကျွန်တော့်လက်ဖျံတွေက လုံးဝပျက်စီးသွားတယ်။ အရိုးတွေကိုတောင် မြင်ရတယ်။ မျက်နှာရဲ့အရေပြားတွေ တွဲလောင်းကျနေတယ်။ လေပြွန်က ပွင့်ထွက်နေတယ်။ လမ်းမဘေးမှာ ၂ မိနစ်လောက် ရပ်နေတုန်း လူနာတင်ယာဉ်တစ်စီး ကွေ့လာခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် ပစ်လဲကျသွားခဲ့တယ်။ ကျွန်တော် မှတ်မိတာက ၂၇ ရက်ကြာမှ နိုးထလာခဲ့တယ်ဆိုတာပါပဲ”လို့ ဒါရန်က ပြောပြပါတယ်။

ဒါရန်ကို Queen Elizabeth Hospital ကို ပို့ဆောင်ခဲ့ပြီး ဆရာဝန်တွေက အင်္ဂါချို့ယွင်းမှုမျိုးစုံနဲ့ သွေးဆိပ်တက်တာ အပါအဝင် သူ့ရဲ့ ထိခိုက်ဒဏ်ရာတွေကို ကြိုးစားကုသပေးခဲ့ပါတယ်။ ထိခိုက်မှုပြင်းထန်တာကြောင့် ကိုမာဖြစ်သွားခဲ့ပါတယ်။ ကျွမ်းကျင်ဆရာဝန်တွေက အရေပြားဖြတ်တောက်တာ၊ ဉီးနှောက်ဖိအားလျော့စေဖို့ ဉီးနှောက်တွင်းခွဲစိတ်တာ၊ Biodergradable Temporizing Matrix လို့ခေါ်တဲ့ အရေပြားအတု အသုံးပြုဖို့ ခွဲစိတ်တာအပါအဝင် ခွဲစိတ်ကုသမှုပေါင်း ၂၃ ခု လုပ်ဆောင်ခဲ့ရပါတယ်။

ခွဲစိတ်ဆရာဝန်တွေက သူတို့ရဲ့နှစ် ၃၀ အလုပ်သက်တမ်းမှာ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူးတဲ့။ ခန္ဓာကိုယ်ရဲ့ ၄၇ ရာခိုင်နှုန်းကို လောင်ကျွမ်းပျက်စီးခဲ့ပေမဲ့ ဒါရန် အသက်ရှင်ခဲ့တာကြောင့် သူ့ကို အံ့ဖွယ်လူသားလို့ ဆရာဝန်တွေက အမည်တပ်ခဲ့ကြပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့ ရလဒ်ကြောင့် ဒါရန်က နားရွက်မရှိတော့သလို လက်နှစ်ဖက်စလုံးက လှုပ်ရှားနိုင်စွမ်းလည်း အားနည်းသွားတယ်။ သူ့ဒဏ်ရာတွေကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ဒါရန်က စိတ်ဓာတ်ကျခြင်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်တွေကို ရင်ဆိုင်တွန်းလှန်နေခဲ့ရပါတယ်။ ဒါပေမဲ့ မီးလောက်ကျွမ်းပြီး မသေတာက သူ့ကို အသက်ရှင်ဖို့ ဒုတိယအခွင့်အရေးပေးခဲ့တယ်ဆိုတာ နားလည်လာခဲ့ပါတယ်။

အခုဆိုရင် ဒါရန်က သူ့ရဲ့ပင်မဆဲလ်တွေကို အသုံးပြုပြီး 3D နဲ့ သူ့ရဲ့နားရွက်တွေကို ပြန်လည်ဖြစ်တည်လာအောင် ပဏာမခွဲစိတ်မှုပြုလုပ်ဖို့ ဆေးကုစရိတ်အတွက် GoFundMe ပေ့ချ်ကို ဖန်တီးထားပါတယ်။ ဒါရန်က “ကျွန်တော့်တစ်ဘဝလုံးမှာ အဆုံးရွားဆုံးနာကျင်မှုကို ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဒါကို ကျွန်တော် ဖော်ပြလို့တောင်မရနိုင်ပါဘူး။ ဆိုးရွားတဲ့အခြေအနေမှာ ကျန်နေခဲ့ပါပြီ။ ကျွန်တော် ပြန်လည်ကျန်းမာလာတဲ့အချိန်မှာ ကိုယ့်ကိုယ်သက်သေဖို့ တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီခွဲစိတ်ဆရာဝန်တွေက အချိန်ပေးဖို့ ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တာကို နားလည်ခဲ့တယ်။ ကျွန်တော့်ကို ဒုတိယအခွင့်အရေးပေးခဲ့တာ။ အခုလိုအသက်ရှင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်။ ကျွန်တော့်အကြောင်းကို ပြောပြပြီး လူတွေကို စိတ်ဓာတ်ခွန်အားပေးချင်တယ်။ သူတို့ရဲ့ဘဝမှာ အခက်အခဲဆုံးအရာကို ကျော်ဖြတ်နိုင်တယ်ဆိုတာ ပြသချင်တယ်” တဲ့။

Ref: TheMirror “Man who became ‘human fireball’ after 11,000-volt shock was ‘dead’ for minutes”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top