တိုက်ခန်းဟောင်းအတွင်းရှိ မှိုတွေဖြစ်ပေါ်နေတဲ့ရေချိုးခန်းကြောင့် ရောဂါဝေဒနာခံစားခဲ့ရတဲ့ အမျိုးသမီး

ww0-e1552880813765.jpg

အမ်မာမာရှဲလ် (Emma Marshall) ဟာ တိုက်ခန်းဟောင်းအတွင်းရှိ မှိုကြောင့် အားအင်ကုန်ခန်းခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့ ဖြစ်လာတဲ့အတွက် သူ(မ) ကြောက်လန့်ခဲ့ပါတယ်။ သူ(မ)ဟာ အသက် (၂၉) နှစ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ လန်ဒန်မြို့အရှေ့ဘက် ဟက်ခ်နေးမှာရှိတဲ့ တိုက်ခန်းမှာ နေထိုင်ခဲ့ပါတယ်။ အဲဒီတိုက်ခန်းက ရေချိုးခန်းအတွင်းမှာတော့ အနက်ရောင်ရှိတဲ့ မှိုတွေ ထူထူထဲထဲ ပေါက်ရောက်နေပါတယ်။ အဲဒီအချိန်ကတည်းက သူ(မ)ဟာ ခေါင်းကိုက်ခြင်းနဲ့ အရေပြားယားယံခြင်းစတဲ့ ရောဂါလက္ခဏာတွေ ပြကာ ကျန်းမာရေးဆိုးရွားလာပါတယ်။

ဂီတထုတ်လုပ်ရေးတစ်ခုမှာ အလုပ်လုပ်လျက်ရှိတဲ့ မာရှဲလ်ဟာ ဆရာဝန်မျိုးစုံနဲ့ ပြကြည့်ခဲ့ပေမဲ့ သူ(မ) ခန္ဓာကိုယ်ဟာ ဘာကြောင့် ဒီလောက် အားလျော့နေရတာလဲဆိုတာ ဘယ်သူမှ အဖြေရှာလို့ရပုံမပေါ်ပါဘူး။ မနှစ်က နှစ်ကုန်မှာတော့ မာရှဲလ်ဟာ ရောဂါဝေဒနာတွေကြောင့် အိပ်ရာထဲလဲနေခဲ့ပြီး ဆရာဝန်နဲ့ ထပ်မံပြသခဲ့ပါတယ်။ သူ(မ)ဆီးနမူနာကို စစ်ဆေးလိုက်တဲ့အချိန်မှာတော့ မှိုကြောင့်ဖြစ်တဲ့အဆိပ်တစ်မျိုးဖြစ်တဲ့ mycotoxin အဆင့်မြင့်မားနေတာကို တွေ့ခဲ့ရပါတယ်။

မာရှဲလ်က ဆရာဝန်နဲ့ ပြတဲ့အခါ နေထိုင်ရာအိမ်၊ အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဆွေးနွေးကာ ၂၀၁၄ ခုနှစ်၊ တိုက်ခန်းမှာနေတဲ့အချိန်ကတည်းက နေမကောင်းသလို စတင်ခံစားခံရတဲ့ အကြောင်းကို ဆရာဝန်ကို ပြောပြခဲ့ပါတယ်။ သူ(မ)ရဲ့အလုပ်သစ်နဲ့ ပိုနီးအောင် ဒီတိုက်ခန်းကို ပြောင်းလာတာဖြစ်ပါတယ်။
‘ကျွန်မမှာ ဝက်ခြံတွေပေါက်လာပြီး ပင်ပန်းနွမ်းနယ်တာတွေ၊ ခေါင်းကိုက်တာ၊ တစ်ကိုယ်လုံး နာကျင်တာတွေ ခံစားခံရပါတယ်၊ ဒါပေမဲ့လည်း ကျွန်မထင်တာက ဒါတွေအားလုံးဟာ အလုပ်တွေ အများကြီးလုပ်လို့ စိတ်ဖိစီးမှုတွေများနေလို့ပဲ ထင်ခဲ့ပါတယ်’ လို့ဆိုပါတယ်။

၂၀၁၅ ဖေဖော်ဝါရီလမှာ မာရှဲလ်ဟာ သူ(မ)ရဲ့ကျန်းမာရေး ဆိုးဆိုးရွားရွား ပြောင်းလဲတဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။ သူ(မ) ဟာ နှစ်ပတ်ခန့် ဆီးပိုက်ပြွန်တပ်ရတဲ့အထိတောင် ကျောက်ကပ်ဝေဒနာတွေလည်း ခံစားခဲ့ရပါတယ်။ ပြင်းထန်တဲ့ ဝမ်းဗိုက်နာကျင်မှုကြောင့်လည်း အူအတက်ကို ဖယ်ထုတ်ခဲ့ရပါတယ်။ အဆစ်တွေ၊ ကြွက်သားတွေ နာကျင်ပြီး ခေါင်းကိုက်ခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ အိပ်မပျော်ခြင်း၊ ဆံပင်တွေပါးလာခြင်းစတဲ့ ရောဂါလက္ခဏာတွေကို ခံစားခဲ့ရပါတယ်။ အဆိုးရွားဆုံးကတော့ အလုပ်ကို တက္ကစီ ငှားသွားရပြီး အလုပ်ကပြန်လို့ အိမ်ရောက်ရင်လည်း အိပ်ရာထဲမှာပဲ အနားယူချင်နေမိပါတယ်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ သူ(မ)အနေနဲ့ မှိုကြောင့် ဖြစ်ပေါ်တတ်တဲ့ Mycotoxin ဟာ ဆိုးရွားတဲ့ရောဂါတွေကို ဖြစ်ပေါ်လာနိုင်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားတာကို ရှာတွေ့ခဲ့တဲ့အခါ တကယ်ကိုစိတ်ပူသွားခဲ့ပါတယ်။ သူ(မ)ရောဂါတွေကို ကုသဖို့အတွက် GoFundMe ဆိုတဲ့ အဖွဲ့အစည်းမှာ ငွေကြေးအလှူခံပြီး မက္ကဆီကိုမှာ သွားရောက်ကုသနိုင်ဖို့ မျှော်လင့်ထားပါတယ်။

စာဖတ်သူတို့လည်း ဒီအဖြစ်အပျက်ကို သတိပြုပြီး မှိုတွေကြောင့် ဆိုးရွားတဲ့ ရောဂါတွေ မဖြစ်ရအောင် ကိုယ့်အိမ်မှာရှိတဲ ရေချိုးခန်းတွေမှာ မှိုတွေရှိမရှိ အသေအချာ ဂရုပြုသင့်ပါတယ်။

Ref: www.dailymail.co.uk ” Woman has been ‘slowly POISONED for years after living in a flat with a mouldy bathroom which caused memory loss, skin rashes and her hair to fall out'”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top