သခင့်ကို မြွေပွေးအန္တရာယ်ကနေ ကာကွယ်ပေးခဲ့တဲ့ ဟီးရိုးခွေးလေး

17-6-2021-yyl-60.jpg

ဆန်ဒီရေဂိုမြို့က ဆယ်ကျော်သက်ခွေးပိုင်ရှင်လေးကတော့ ဟီးရိုးအဖြစ် အသက်အန္တရာယ်ကနေ သူ့ကို ကာကွယ်ကယ်တင်ပေးခဲ့တဲ့ သူ့ရဲ့ခွေးလေးကို ချီးမွှမ်းလို့နေပါတယ်။ အသက် ၁၈ နှစ်အရွယ် အဲလက်ဇ် လိုရီဒို (Alex Loredo) ဟာ အိမ်သန့်ရှင်းလုပ်နေတုန်း ဉယျာဉ်ထဲက စားပွဲခုံအောက်ကနေ ခလောက်ဆွဲအမြီးမြွေပွေးတစ်ကောင်ထွက်လာတာကို မြင်တွေ့လိုက်ရပါတယ်။ အဲဒီနေ့က သူ့ကို သူ့ရဲ့ခွေးလေး မာလေး (Marley) ကယ်တင်ခဲ့လို့သာ မြွေပွေးအန္တရာယ်ကနေ လွှတ်မြောက်ခဲ့ရတာပါ။

မာလေးက သူ့သခင်ကို ဘယ်လိုကယ်တင်ခဲ့လဲဆိုရင် အဲလက်ဇ်က စားပွဲခုံအောက်က မြွေပွေးထွက်လာတာကို မြင်တဲ့အချိန် မာလေးက အိမ်ထဲကနေ ပြေးထွက်လာပြီး မြွေလာတဲ့လမ်းကြောင်းကနေ သူ့သခင်ကို တွန်းထုတ်ပစ်ခဲ့တာပါ။ သူ့သခင်ကို တွန်းထုတ်ပြီးခဲ့တဲ့အချိန်မှာ သူ့သခင် ဘေးကင်းဖို့အတွက် မြွေပွေးရဲ့ရှေ့မှာ ရပ်ပစ်ခဲ့တာပါ။

အဲဒီအကြောင်းကကို အဲလက်ဇ်က သတင်းဌာနကို ထုတ်ပြောပြခဲ့ပါတယ်။ “ကျွန်တော် မြွေမြင်တော့ လှည့်ထွက်မသွားခင် မာလေးက တံခါးပေါက်ကနေ ပြေးထွက်လာခဲ့ပြီး ကျွန်တော်တို့ တွန်းပစ်ခဲ့တာ။ မြွေနဲ့ ကျွန်တော် ကြားမှာ သူ ရပ်နေပေးခဲ့တယ်။ ကျွန်တော့်နှလုံးသားတွေ ပြုတ်ထွက်သွားမတတ်ပဲ။ ကျွန်တော့် အရင်ဆုံးတွေးလိုက်မိတာက ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းကို ဆုံးရှုံးရတော့မယ်ဆိုတာပဲ” လို့ အဲလက်ဇ်က ပြောပါတယ်။

မြွေက မာလေးကို (၂) ခါ ကိုက်ပစ်ခဲ့တယ်။ ပထမတစ်ခါက သူ့ရဲ့လျှာကို ကိုက်ခဲ့တယ်။ နောက်တစ်ခါက သူ့ရဲ့လည်ပင်းကို ကိုက်ပြီး မြွေက ပြန်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ မာလေးကို မြွေကိုက်ခံရတော့ အဲလက်ဇ်လည်း တိရစ္ဆာန်ဆေးခန်းကို အမြန်ခေါ်ဆောင်သွားခဲ့ပါတယ်။ “အရမ်းထိတ်လန့်သွားခဲ့တယ်။ ကျွန်တော့်နှလုံးက အရမ်းခုန်နေပြီး နောက်ထပ် ဘာလုပ်လို့ လုပ်ရမှန်းမသိခဲ့ပါဘူး။ ကျွန်တော် အရိုးသားဆုံးပြောရရင် ကားထဲမှာပဲ မာလေး သေသွားတော့မယ်လို့ ကျွန်တော် ထင်ခဲ့တာ” လို့ အဲလက်ဇ်က ပြောပါတယ်။

ခွေးလေးကို ကုသဖို့ နှောင့်နှေးကြန့်ကြာခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုရင် ပထမဆုံးသွားတဲ့ ဆေးခန်းက မြွေဆိပ်ဖြေဆေးမရှိတဲ့အတွက် အခြားဆေးခန်းကို သွားခဲ့ရပြီး အဲဒီဆေးခန်းကိုသွားဖို့ မိနစ် (၂၀) လောက် ကားမောင်းခဲ့ရလို့ပါပဲ။ မာလေးကို (၂) ညလောက် ဆေးခန်းမှာ စောင့်ကြည့်ခဲ့ရပြီး အခုတော့ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး။

အဲလက်ဇ်က မာလေးရဲ့ဆေးကုသစရိတ်အတွက် GoFundMe ပေ့ချ်ကို ထောင်ထားပါတယ်။ အဲလက်ဇ်ရဲ့ GoFundMe ပေ့ချ်မှာ ရေးထားတာက “မာလေးရဲ့မျက်နှာက ရောင်ရမ်းလာခဲ့ပြီး အသက်ရှုရခက်ခဲလာခဲ့ပါတယ်။ သူ့ရဲ့ပါးစပ်ကနေ သွေးတွေလည်း အန်ထွက်လာခဲ့တယ်။ ကျွန်တော် အရမ်းကြောက်တယ်။ သူ့ကို စစ်ဆေးဖို့ ဆရာဝန်တွေ ခေါ်ရတယ်။ မာလေး ကျော်လွှားနိုင်ပါ့မလားဆိုတဲ့ စိတ်နဲ့ ကျွန်တော့်ဘဝရဲ့ကြောက်စရာအကောင်းဆုံးအခိုက်အတန့်ဖြစ်ခဲ့ရတယ်” ဆိုတာပါပဲ။

အခု မာလေး အိမ်ပြန်ရောက်နေပေမဲ့ သူ့ရဲ့လျှာနဲ့ မေးရိုးက အကြောတွေ ပျက်စီးတာကို ခံစားနေရပြီး ကုထုံးခံယူနေရသလို ဆေးထိုးဆေးသောက်နေရပါတယ်။

Ref: Ladbible “Heroic Labrador Pushes Teen Owner Out Of The Way Of Rattlesnake”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top