တစ်ယောက်တည်းအထီးကျန်နေတဲ့အချိန် ပျော်ရွှင်စေနိုင်မယ့် နည်းလမ်းတွေ

17-6-2021-yyl-62.jpg

တချို့လူတွေက တစ်ယောက်တည်းနေရတာ၊ တစ်ယောက်တည်း အချိန်ကုန်ဆုံးရတာကို ကြိုက်ကြပါတယ်။ တချို့ကျတော့လည်း တစ်ယောက်တည်းအချိန်ဖြုန်းနေရတာက အထီးကျန်တယ်လို့ ခံစားရတာပါ။ သူတို့တွေက အိမ်မှာ တစ်ယောက်တည်းနေရတဲ့ အချိန်အခိုက်အတန့်တိုင်းကို မကြိုက်နှစ်သက်ကြတာပါ။ တစ်ယောက်တည်းအထီးကျန်နေသလို ခံစားရတဲ့အခါတိုင်း လွှတ်မြောက်နိုင်မယ့် နည်းလမ်းတွေကို မကြာခဏရှာဖွေနေကြပါတယ်။ တစ်ယောက်တည်းအထီးကျန်တာများလာရင် စိတ်ဓာတ်ကျတာတွေဖြစ်လာပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေဆိုးရွားလာနိုင်ပါတယ်။ တကယ်တော့ တစ်ယောက်တည်းဖြစ်နေတာကို အထီးကျန်နေတယ်လို့ ဆိုလိုလို့မရပါဘူး။ တစ်ယောက်တည်းဖြစ်နေတဲ့အချိန် ပျော်ရွှင်နိုင်မယ့်နည်းလမ်းတွေရှိပါတယ်။ တစ်ယောက်တည်း အထီးကျန်နေသလို ခံစားနေရရင်တော့ ပျော်ရွှင်နိုင်မယ့်နည်းလမ်းတွေကတော့

အသစ်အသစ်တွေကို လေ့လာသင်ယူပါ

လူအများစုက တစ်ယောက်တည်းနေရတာကို မနှစ်သက်ကြပါဘူး။ တစ်ယောက်တည်းဆို ဘာလုပ်လို့လုပ်ရမှန်းမသိကြလို့ပါ။ သင့်အချိန်တွေကို တစ်ယောက်တည်းကုန်ဆုံးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ သင် ဝါသနာပါတဲ့အလုပ်တစ်ခုခုကို လုပ်တာ (ဒါမှမဟုတ်) သင် မလုပ်ဖူးတဲ့ ပညာရစေမယ့် အရာတစ်ခုခုကို လေ့လာသင်ယူတာပါပဲ။ စာဖတ်တာ၊ ပန်းချီဆွဲတာ၊ ကတာဖြစ်ဖြစ် သင်မြတ်နိုးတဲ့၊ သင်ပျော်ရွှင်တဲ့ အရာတစ်ခုခုအတွက် အချိန်ပေးတာဖြစ်ဖြစ်ပါ။ ဒါတွေက သင့်ကို တစ်ယောက်တည်းအထီးမကျန်အောင် ကူညီပေးပါလိမ့်မယ်။

အခြားသူနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်တာမျိုးရှောင်ပါ

တစ်ယောက်တည်းဖြစ်နေချိန် မပျော်ရွှင်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ကိုယ့်ကိုယ်ကိုနှိုင်းယှဉ်တာပါပဲ။ သင့်မိတ်ဆွေသူငယ်ချင်း (သို့) တခြားသူတွေကို မြင်ပြီး သူတို့ရဲ့ဘဝနဲ့ သင့်ရဲ့ဘဝကို နှိုင်းယှဉ်တာက စိတ်ပျက်တာတွေဖြစ်လာရပါလိမ့်မယ်။ လူတစ်ယောက်နဲ့တစ်ယောက်က မတူကြသလို ရင်ဆိုင်တွန်းလှန်ရမယ့် တိုက်ပွဲတွေကလည်း ကွဲပြားတယ်ဆိုတာ မှတ်ထားပါ။ ဒါကြောင့် အခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို မနှိုင်းယှဉ်ပါနဲ့။ လူမှုကွန်ယက်မှာ ပျော်ရွှင်နေတဲ့ပုံတွေ တင်တာကလည်း သူတို့တကယ်ပျော်ရွှင်နေတာ ဟုတ်ချင်မှာလည်းဟုတ်မှာပါ။ သင့်ရဲ့ပျော်ရွှင်မှုကို တခြားသူတွေနဲ့ တိုင်းတာဖို့ မကြိုးစားပါနဲ့။

လူမှုကွန်ယက်အသုံးပြုတာကနေ ခဏအနားယူပါ

လူမှုကွန်ယက်ဆိုတာက ကောင်းတာတွေ့ရသလို မကောင်းတာတွေလည်း မြင်တွေ့ရပါတယ်။ တခြားနိုင်ငံက လူတွေနဲ့ ကလစ်တစ်ချက်နှိပ်ရုံနဲ့ အဆက်အသွယ်လုပ်လို့ရပေမဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ပေးစွမ်းနေပါတယ်။ သင် တစ်ယောက်တည်းဖြစ်နေတဲ့အချိန် ပျော်ရွှင်ချင်တယ်ဆိုရင်တော့ လူမှုကွန်ယက်အသုံးပြုတာကနေ ခဏနားပြီး သင့်အတွက် အချိန်ပေးသင့်ပါတယ်။

တစ်ခါတလေ ကိုယ့်ကိုယ်ကို အလိုလိုက်ပေးပါ

တစ်နေ့တာလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေများလာတာနဲ့ ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ ခက်ခဲလာရပါတယ်။ ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ဖူးဖူးမှုတ်ထားမယ်ဆိုရင် တစ်ယောက်တည်းနေတဲ့အချိန် အထီးကျန်နေသလို ခံစားရမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေ သင်လုပ်ချင်တာ၊ သင်စားချင်တာ ရှိရင် ချုပ်တည်းမထားပါနဲ့။ သင့်စိတ်ကို အလိုလိုက်ပါ။ သင့်အတွက် အချိန်ပေးတာလည်း ပျော်ရွှင်အောင် နေနိုင်မယ့် အကောင်းဆုံးနည်းထဲက တစ်ခုပါပဲ။

လှုပ်လှုပ်ရှားရှားနေပါ

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းရဲ့ အရေးကြီးပုံကို ကျွန်တော်တို့တွေ မကြာခဏလျော့တွက်မိကြပါတယ်။ ကျန်းမာစွာနဲ့ ပျော်ရွှင်အောင် နေဖို့ ကူညီပေးတဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေထဲက တစ်ခုပါပဲ။ လေ့ကျင့်ခန်းက သင့်ကို ပျော်ရွှင်သလို ခံစားရစေနိုင်တဲ့ ဉီးနှောက်ကနေ endorphin ဟော်မုန်းကို ထုတ်လွှင့်ဖို့ ကူညီပေးပါတယ်။

တချို့အချိန်တွေကို သဘာဝတရားကြီးနဲ့ ကုန်ဆုံးပါ

တချို့အချိန်တွေကို သဘာဝတရားကြီးနဲ့ ကုန်ဆုံးတာကလည်း ပျော်ရွှင်စေနိုင်မယ့် အကောင်းဆုံးနည်လမ်းတွေထဲက တစ်ခုပါပဲ။ သဘာဝတရားကြီးကို မြင်တွေ့နိုင်တဲ့ ပန်းခြံမှာ လမ်းလျှောက်တာ၊ သဘာဝတရားကို ခံစားနိုင်ဖို့ စက်ဘီးစီးတာဖြစ်ဖြစ် လုပ်တာက သင့်အတွက် ကောင်းပါတယ်။ သင့်ကို သဘာဝတရားကြီးနဲ့ နီးကပ်စေပါတယ်။ သင့်အချိန်တွေကို သဘာဝတရားကို ခံစားပြီး ကုန်ဆုံးတာက စိတ်ဓာတ်ကျခြင်းလက္ခဏာရပ်တွေနဲ့ သွေးဖိအားလျော့နည်းသွားအောင် ကူညီပေးနိုင်ပါတယ်။

Ref: Ways to be happy alone
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top