တက္ကဆက်ပြည်နယ်ရဲ့ အထက်တန်းကျောင်းတစ်ကျောင်းက ကျောင်းသား/သူတွေ၊ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် စတိုးဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ခဲ့တယ်။ ဒီစတိုးဆိုင်ရဲ့ ထူးခြားချက်က ပစ္စည်းဝယ်ချင်ရင် ငွေသားနဲ့ ဝယ်လို့မရဘူး။ အကျိုးပြုလုပ်ရပ်တွေလုပ်ရင်း ရလာတဲ့ အမှတ်တွေနဲ့ ပစ္စည်းဝယ်ရတာပါ။
လင်ဒါတက်အထက်တန်းကျောင်းရဲ့ အခန်းလွတ်ထဲမှာ ဖွင့်လှစ်ထားတဲ့ စတိုးဆိုင်ကို ကျောင်းသား/သူတွေပဲ စီမံခန့်ခွဲကြတာပါ။ Texas Health၊ Albertsons နဲ့ First Refuge Ministries တို့လို အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကူညီကြတယ်။ ကျောင်းသား/သူတွေက ကျောင်းပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်တာ၊ တခြားအကျိုးပြုလုပ်ရပ်တွေ လုပ်ရင်း အမှတ်ရှာရတယ်။ အဲဒီအမှတ်တွေကိုသုံးပြီး စတိုးဆိုင်မှာ ဈေးဝယ်နိုင်ပါတယ်။
” ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းသား/သူ တော်တော်များများက လူမှုစီးပွား နိမ့်ပါးတဲ့မိသားစုတွေကနေ လာသူတွေပါ။ ဒါကတော့ သူတို့မိသားစုတွေအတွက် ကျောင်းသား/သူတွေ ဈေးဝယ်ပေးနိုင်မယ့်နည်းလမ်းပါ။ အလုပ်ကြိုးစားရင် အမှတ်တွေရမယ်။ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်တာ၊ ဗာဟီရကိစ္စတွေလုပ်ပြီး အမှတ်ရှာလို့ရမယ်။ အထက်တန်းကျောင်း ပြီးဆုံးသွားလို့ သူတို့တွေ ဘဝထဲရောက်တဲ့အထိ ယူဆောင်သွားရမယ့် လုပ်ငန်းကျွမ်းကျင်မှုအပိုင်းကို သင်ပေးလိုက်နိုင်တာကတော့ ဒီစတိုးဆိုင်ဖွင့်တဲ့ ကိစ္စမှာ စိတ်လှုပ်ရှားဆုံးအပိုင်းပါပဲ” လို့ ကျောင်းအုပ်ကြီး အန်သိုနီလက်ဗ်က ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ကျောင်းသား/သူတွေနဲ့ တခြားသူတွေ စားနပ်ရိက္ခာ မဖူလုံမှုကို ဖြေရှင်းဖို့ ရည်ရွယ်ဖွင့်လှစ်တဲ့ အဲဒီစတိုးဆိုင်ကို ကျောင်းခရိုင်အတွင်းမှာရှိတဲ့ ကျောင်းသား/သူတွေနဲ့ ဝန်ထမ်းတွေအတွက် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ဖွင့်လှစ်ပေးပါတယ်။
Ref: Sunnyskyz ” High School Opens Grocery Store For Students, Accepts Goods Deeds As Payment”
Nz (ရိုးရာလေး)