ဖောက်ထွက်တွေးခေါ်မှုကို အားပေးဖို့ ဆော်ဒီနိုင်ငံမှာ နိုင်ငံတကာ အတွေးအမြင်ညီလာခံ ကျင်းပ

14.12.2021yyl16.jpg

မတူကွဲပြားတဲ့အမြင်တွေ ထုတ်ပြောရင် နိုင်ငံသားတွေကို ထောင်ချလေ့ရှိတဲ့ ဆော်ဒီနိုင်ငံမှာ ဖောက်ထွက်တွေးခေါ်မှုကို အားပေးတဲ့ နိုင်ငံတကာ အတွေးအမြင်ဆိုင်ရာ ညီလာခံတစ်ခု ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကို ရီယာ့ဒ်မြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့ပြီး အမေရိကန်ထိပ်တန်း အတွေးအခေါ်ပညာရှင် မိုက်ကယ်ဆန်ဒဲလ်လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ဟားဗတ်တက္ကသိုလ်ပါမောက္ခ မိုက်ကယ်ဆန်ဒဲလ်က စာပို့ချတာမျိုး မလုပ်ချင်ဘူး၊ ဆော်ဒီအမျိုးသမီးတွေ အပါအဝင် ဆော်ဒီလူငယ်တွေနဲ့ တိုက်ရိုက်ဆွေးနွေးချင်တယ်လို့ ပွဲစီစဉ်တွေကို ပြောခဲ့ပါတယ်။ ဖာဟတ်ဘုရင်အမျိုးသားစာကြည့်တိုက်ရဲ့ ညီလာခံစင်တာမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေကို YouTube ကနေ တိုက်ရိုက်လွှင့်ခဲ့ပြီး မိုက်ကယ်ဆန်ဒဲလ်က ဆော်ဒီကျောင်းသား ၄ ယောက်နဲ့အတူ ဖောက်ထွက်တွေးခေါ်မှု၊ စာရိတ္တဆိုင်ရာ အတွေးအခေါ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ပြည်သူတွေက ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးသတ်မှတ်ချက်တွေအပေါ် မေးခွန်းထုတ်ခွင့်မရှိသလောက်နည်းတဲ့ ဆော်ဒီနိုင်ငံမှာ ဒီလို ညီလာခံမျိုး လုပ်တာ ထူးခြားပြီး တော်လှန်ပုန်ကန်တဲ့လုပ်ရပ်မျိုးလို့တောင် ပြောနိုင်ပါတယ်။ ဆော်ဒီကျောင်းသားတွေက ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ အစိုးရရဲ့ တုံ့ပြန်လှုပ်ရှားမှုအပေါ် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက်မှာ မိုက်ကယ်ဆန်ဒဲလ်က စာရိတ္တဆိုင်ရာ မေးခွန်းတစ်ခု မေးပါတယ်။ လူသတ်မှုကျူးလွန်ထားတဲ့ ဆွေမျိုးတစ်ယောက်ကို ကာကွယ်ပေးသင့်လား၊ ရဲလက်အပ်သင့်လားလို့ မေးတာပါ။ ဆော်ဒီကျောင်းသားတစ်ယောက်ကတော့ ” ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး၊ လူသတ်မှုကျူးလွန်ခဲ့သူက သူ့အဖေ ဖြစ်နေမယ်၊ လူတွေကြားထဲမှာ ရှိနေမယ်ဆိုရင်တောင် ရဲလက်အပ်မယ်” လို့ ပြောပါတယ်။ အဲဒီနောက်မှာ ဆော်ဒီကျောင်းသားပရိသတ်တွေနဲ့ ပညာရှင်တချို့က လက်ခုပ်တီးဂုဏ်ပြုခဲ့ပါတယ်။

ဒဿနပညာရပ်ကို သင်ကြားခွင့်မရပေမဲ့ ဆော်ဒီကျောင်းသား/သူတွေရဲ့ တုံ့ပြန်ဖြေဆိုမှုတွေကို အထင်ကြီး လေးစားမိတယ်လို့ မိုက်ကယ်ဆန်ဒဲလ်က ပြောပါတယ်။ ”လူသတ်သမား သားဖြစ်နေမှန်း သိလိုက်ရတဲ့ ပြည့်ရှင်တစ်ယောက်ရဲ့အခက်အခဲ” ဆိုတဲ့ တရုတ်ရှေးဟောင်းပုံပြင်အကြောင်းကိုလည်း မိုက်ကယ်ဆန်ဒဲလ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီပုံပြင်ကတော့ အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေမျိုးနဲ့ ပြောရတာပါ။ ဆော်ဒီဂျာနယ်လစ် ဂျမယ်ခါရှိုဂျီ အသတ်ခံရတဲ့ ဖြစ်ရပ်မှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန် ပါဝင်နေတယ်လို့ ယူဆမှုတွေ ရှိနေတာကြောင့်ပါပဲ။ ပြီးခဲ့တဲ့နှစ်ကတည်းက ဆော်ဒီပညာရေးဝန်ကြီး (ဟောင်း)က ဖောက်ထွက်တွေးခေါ်မှုနဲ့ ဒဿနပညာရပ်ကို လူထုကြား ပျံ့နှံ့အောင် လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပေမဲ့ နောက်ပိုင်းမှာ ပညာရေးဝန်ကြီး ရာထူးက ထုတ်ပယ်ခံခဲ့ရပြီး အဲဒီအစီအစဉ်လည်း မှေးမှိန်သွားခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက အာရပ်အတွေးအခေါ်ပညာရှင်တွေဟာ ဒဿနပညာရပ်ရဲ့ ရှေ့ဆောင်တွေ ဖြစ်ခဲ့ပြီး ရှေးဟောင်းဂရိဒဿန အမွေအနှစ်တွေကိုလည်း အာရေဗီဘာသာစကား ပြန်ဆိုပြီး ထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။

Ref: BBC “Saudi Arabia allows free thinkers to talk to students”


Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top