ဖျော်ဖြေပွဲတစ်ခုမှာ LED Screen ပြုတ်ကျမှုကြောင့် ပြင်းထန်စွာဒဏ်ရာရခဲ့တဲ့ အကသမား အပြည့်အဝပြန်ကောင်းနိုင်တဲ့အခွင့်အရေး နည်းပါး

6-.-9-2022-yyl-01.jpg

ဇူလိုင်လ ၂၈ ရက်နေ့က ဟောင်ကောင်အမျိုးသားအဆိုအဖွဲ့ Mirror ရဲ့ဖျော်ဖြေပွဲမှာ အကသမား (၂) ယောက်အပေါ်ကို ကြီးမားတဲ့ LED Screen ပြုတ်ကျမှုဖြစ်ပွားခဲ့တယ်ဆိုတာကို စာဖတ်ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ အဲဒီအကသမား (၂) ယောက်ထဲက (၁) ဦးဖြစ်သူ အသက် ၂၇ နှစ်အရွယ် မိုလီကတော့ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်မှာ စောင့်ကြည့်နေရတဲ့အခြေအနေမှာ ရှိခဲ့တာပါ။

တရုတ်ဆရာဝန်တွေရော၊ အနောက်တိုင်းဆရာဝန်တွေကပါ မိုလီရဲ့အရိုးအဆက်နဲ့အာရုံခံနဗ်ကြောတွေက အပြည့်အဝပြန်ကောင်းမွန်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေကြကြောင်း မိုလီရဲ့ဖခင်ဖြစ်သူ ဒဲရစ် လီက စက်တင်ဘာ ၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မိုလီအပေါ် LED Screen ပြုတ်ကျလာပြီးတဲ့နောက်မှာ လည်ပင်းအရိုးအဆက်အက်သွားခဲ့ပြီး လည်ပင်းအောက်ပိုင်းကနေ အကြောသေသွားနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။

အပ်စိုက်ကုသနည်းက ပြန်လည်ကောင်းမွန်လာအောင်လုပ်ပေးနိုင်ဖို့ မသေချာပေမဲ့ ဆရာဝန်တွေက အဲဒီနည်းကို အခုအပတ်မှာ စမ်းကြည့်မှာဖြစ်တယ်လို့ ဒဲရစ်လီက ပြောပါတယ်။ မိုလီ အသက်ရှင်နေသေးတာကိုပဲ ကျေးဇူးတင်နေရပြီး မိသားစုက အခက်အခဲတွေကို ကျော်လွှားနိုင်မှာယုံကြည်နေတယ်လို့ ဒဲရစ်က ဆိုပါတယ်။ သူ့သား ပြန်လည်ကောင်းမွန်လာအောင် ဆုတောင်းပေးကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

မိုလီဟာ မျှော်လင့်ထားတာထက် ပိုကောင်းမွန်လာနေတယ်လို့ ဒဲရစ်က ပြီးခဲ့တဲ့လက မျှဝေခဲ့ပါသေးတယ်။ မိုလီက ညဘက်ဆို ကောင်းကောင်းအိပ်စက်နေပြီး ဆက်သွယ်ပြောဆိုနိုင်နေတယ်။ ဒါပေမဲ့ အသက်ကယ်စက်ကိုတော့ လုံးဝဖြုတ်လို့မရပါဘူးလို့ ဆိုပါတယ်။ တစ်ချိန်က တက်ကြွနေခဲ့တဲ့ သားဖြစ်သူကို အခုလိုအခြေအနေမျိုးနဲ့မြင်ရတဲ့ နာကျင်မှုက ပြောမပြနိုင်လောက်အောင်ပါပဲတဲ့။

မ‌တော်တဆမှုအတွက် စစ်ဆေးတဲ့အဖွဲ့တစ်ဖွဲ့က စံချိန်စံညွှန်းမမီတဲ့ဝါယာကြိုးအသုံးပြုတာနဲ့ LED Screen ရဲ့အလေးချိန်ကို အစီရင်ခံမှုပျက်ကွက်တာတွေကို တွေ့ရှိခဲ့ပေမဲ့ ဘယ်သူမှာ တာဝန်ရှိလဲဆိုတာပြောဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။ အစောပိုင်းတွေ့ရှိချက်မှာတော့ Screen ကို သွယ်တန်းထားတဲ့ တရုတ်ပစ္စည်း စတီးဝါယာက သတ္တုစွမ်းရည်ကျပြီး ပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ မိုလီနဲ့ အခြားအကသမားပေါ်ပြုတ်ကျခဲ့တဲ့ LED Screen ကြီးက ၆၀၀ ကီလိုဂရမ် လေးတယ်လို့ ပြောကြပေမဲ့ အဲဒီတစ်ဝက်ထက်မနည်းရှိတယ်လို့လည်း ဆိုကြပါတယ်။

Ref: 8daysSingapore “HK Boyband Mirror Concert Accident: 95% Chance Injured Dancer’s Nerves Won’t Fully Recover”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top