ရေတံခွန်ပေါ်ကနေ ပြုတ်ကျပြီး ခြေထက်ပိုင်းကျိုးခဲ့သူက ၂ မိုင်အကွာအဝေးအထိ တရွတ်ဆွဲသွားနိုင်ခဲ့လို့ အသက်ရှင်

yyl-018-7.jpg

သြစတြေးလျနိုင်ငံသား ဝါရင့်တောကြမ်းခရီးနှင်သူတစ်ယောက်ဟာ တောင်ပေါ်မှာ တစ်ကိုယ်တော်ခရီးနှင်နေတုန်း ရေတံခွန်ပေါ်က ပြုတ်ကျခဲ့လို့ ခြေထပ်ပိုင်းကျိုးခဲ့ပေမဲ့ ၂ မိုင်အကွာအဝေးအထိ တရွတ်ဆွဲသွားနိုင်ခဲ့လို့ အသက်ရှင်ခဲ့ပါတယ်။ အသက်(၅၄)နှစ်ရှိတဲ့ နေးလ်ပါကာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘရစ္စဘိန်းမြို့ အနောက်မြောက်ဘက်မှာရှိတဲ့ နီဘိုတောင်ပေါ်မှာ တောကြမ်းခရီးနှင်နေတုန်း ရေတံခွန်ထိပ်ကနေ ခြေချော်ပြီး အောက်ဘက် ၆ မီတာအထိ ပြုတ်ကျခဲ့လို့ ခြေထောက်နဲ့ လက်ကောက်ဝတ်ကျိုးခဲ့ပါတယ်။

နေးလ်ပါကာဟာ သူ့ကျောပိုးအိတ်ထဲမှာ ထည့်လာတဲ့ ပက်တီးလိပ်နဲ့ လမ်းလျှောက်တုတ်တွေကို အသုံးပြုပြီး ထက်ပိုင်းကျိုးသွားတဲ့ ခြေထောက်ကို တွဲချည်ခဲ့ပါတယ်။ နေးလ်ပါကာဟာ ရေတံခွန်ပေါ်ကနေ ပြုတ်ကျချိန်မှာ ဖုန်းပျောက်သွားလို့ ကယ်ဆယ်ရေးအဖွဲ့ကို
အဆက်အသွယ်လုပ်လို့မရခဲ့ပါဘူး။ ဒါကြောင့် အသက်ရှင်ဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ မြင်နိုင်လောက်တဲ့ ကွင်းပြင်နေရာကို သွားရမယ်လို့ နေးလ်ပါကာက ဆုံးဖြတ်ခဲ့ပါတယ်။

”ကျွန်တော့်ခြေထောက်ကိုလည်း သယ်ရသေးတယ်။ ထက်ပိုင်းကျိုးသွားပြီး အချိတ်အဆက်မရှိတော့လို့ ခြေထောက်က တော်တော်လေးပါတယ်။ တံတောင်နဲ့ ဒီလက်ကိုသုံးပြီး ကျွန်တော် တရွတ်ဆွဲလာခဲ့ရတယ်။ တစ်မီတာ၊ တစ်မီတာခွဲလောက်ရောက်အောင် တစ်ခေါက်နားပါတယ်”လို့ နေးလ်ပါကာက ပြောပါတယ်။ သူဟာ ကျောပိုးအိတ်ထဲမှာ ပါလာတဲ့ ရေနဲ့ စားစရာတချို့ကို စားသောက်ပြီး အကိုက်အခဲပျောက်ဆေးတွေသောက်ပြီး နှစ်ရက်လုံးလုံး တရွတ်ဆွဲသွားခဲ့တာ ၂ မိုင်အထိ ခရီးပေါက်ခဲ့ပါတယ်။

အဲဒီ ၂ ရက်လုံးလုံးမှာ သူ လုံးဝနီးပါးလောက် မအိပ်စက်ခဲ့ဘူးလို့ ဆိုပါတယ်။ သူ့သားသမီးတွေနဲ့အတူ ရှိနေသေးချင်တယ်ဆိုတဲ့ ခံစားချက်က သူ့ကို စိတ်ခွန်အားပိုကောင်းလာစေတယ်လို့ နေးလ်ပါကာက ပြောပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ မွန်းလွဲပိုင်းမှာတော့ ကယ်ဆယ်ရေးရဟတ်ယာဉ်က သူ့ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ထမ်းစင်နဲ့တွဲချည်၊ ရဟတ်ယာဉ်ပေါ် ဆွဲတင်ပြီး သူ့ကို ဆေးရုံပို့ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top