မလေးရှားအိမ်ရှေ့စံမင်းသားရဲ့သားတော်ဖြစ်တယ်ဆိုတာ သက်သေပြချင်လို့ DNA စစ်ဆေးမှုခံယူခဲ့တဲ့ ကျောက်မီးသွေးလုပ်သားဟောင်း

5-.-9-2022-yyl-01.jpg

ကျောက်မီးသွေးလုပ်သားဟောင်းတစ်ဦးက သူဟာ မလေးရှားအိမ်ရှေ့စံမင်းသားရဲ့သားဦးဖြစ်တယ်လို့ အခိုင်အမာယုံကြည်ထားပါတယ်။ အခုဆို မလေးရှားတော်ဝင်မျိုးနွယ်ကနေ ဆင်းသက်လာတယ်ဆိုတာကို သက်သေပြနိုင်ဖို့အတွက် DNA စစ်ဆေးမှု လုပ်ထားပါတယ်။ သူက အသက် ၇၁ နှစ်အရွယ် ကိသ် ဝီလျံဆိုသူဖြစ်ပြီး ဝေလနိုင်ငံမှာ နေထိုင်ပါတယ်။

မလေးရှားအိမ်ရှေ့စံမင်းသား အစ်ရစ် အီစကန်ဒါ အိုင်မူတာဝါကီ အာလာလာဟီ ရှာချ်က ၁၉၈၄ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီမို့ သူ့အဖေဖြစ်တယ်ဆိုတာကို ကိသ် သိတော့ အချိန်နှောင်းသွားခဲ့ပါပြီ။ ကိသ်က မွေးစားမိဘတွေနဲ့ ကြီးပြင်းလာခဲ့ရတာပါ။

လွန်ခဲ့တဲ့ (၅) နှစ်ကမှ သူ့ရဲ့မွေးမိခင်နဲ့အဆက်အသွယ်ရခဲ့ပြီး ဒီအကြောင်းကို သိခဲ့ရတာပါ။ ကိသ်ရဲ့မိခင် အယ်လီဇဘတ်သ် ရိုဆာက အသက် ၁၇ နှစ်အရွယ်မှာ ကျောင်းလာတက်တဲ့ အိမ်ရှေ့မင်းသားနဲ့ ဗြိတိန်မှာ တွေ့ခဲ့ကြတာပါ။ သူတို့ ချစ်ခင်စုံမက်ခဲ့ကြပြီး ရိုဆာက ကိုယ်ဝန်ရှိလာခဲ့ပါတယ်။ နောက်တော့ ရိုဆာက ဆွမ်ဆီးမြို့က သူ့နေအိမ်ကို ပြန်သွားခဲ့ရပြီး ကလေးကို မွေးစားမယ့်သူဆီ ပေးပစ်ခဲ့ပါတယ်။

အိမ်ရှေ့စံမင်းသားကလည်း မလေးရှားကို ပြန်ပို့ခံခဲ့ရပါတယ်။ ပြန်ရောက်လာပြီးနောက် ၁၉၆၃ ခုနှစ်ကစပြီး သေဆုံးတဲ့အချိန်အထိ ပီရက်ခ်ပြည်နယ်ရဲ့ ၃၃ ယောက်မြောက်ဆူလ်တန်အဖြစ် ထမ်းဆောင်ခဲ့ရပါတယ်။

ကိသ်ဟာ မလေးရှားနိုင်ငံက မိသားစုနဲ့ တွေ့ရဖို့အတွက် လာခဲ့ပါသေးတယ်။ အဖေတူအမေကွဲညီမနဲ့ဆက်သွယ်ချင်ခဲ့ပေမဲ့ အတွေ့မခံခဲ့ကြပါဘူး။ သူက တော်ဝင်မျိုးနွယ်ဆိုတာကို အခိုင်အမာယုံကြည်ထားပေမဲ့ မယုံကြည်ကြတဲ့သူတွေကို သက်သေပြနိုင်ဖို့အတွက် အခုလို DNA စစ်ဆေးတာ ခံယူဖို့ ဖြစ်လာရတယ်လို့ ကိသ်က ဆိုပါတယ်။

အခြားရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာမှာကို သူတို့တွေ ကြောက်ရွံ့နေတယ်လို့ ကလေး (၃) ယောက်အဖေ ကိသ်က ပြောပါတယ်။ ကိသ်က တော်ဝင်အမျိုးအနွယ်ဆိုတဲ့ ဂုဏ်ပကာသနအပါအဝင် အခြားဘယ်အရာမှလိုချင်တာမဟုတ်ဘဲ သူ အမြဲတမ်း သိချင်မိခဲ့တဲ့ မိသားစုနဲ့ သိခွင့်ရပြီး သူ့ကို လက်ခံပေးဖို့ပါပဲ။

Ref: TheMirror “Ex-coal worker says DNA test will prove he is long-lost son of Malaysian prince”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top