ကိုဗစ်ကာလအတွင်း အဘွားကို တွေ့ရဖို့ (၄) နိုင်ငံဖြတ်ကာလမ်းလျှောက်သွားခဲ့တဲ့ကောင်လေး

9-10-2020-yyl-024.jpg

ကိုဗစ်ကာလအတွင်းမှာ ခရီးသွားဖို့ဆိုတာ ခက်ခဲတဲ့အရာပါပဲ။ လေယာဉ်ကလည်း မထွက်၊ လေယာဉ်ထွက်ရင်တောင် (၂) ပတ်လောက်တော့ ကိုဗစ်ပိုးရှိမရှိစစ်ဆေးဖို့အတွက် Quarantine နေရမှာဖြစ်တဲ့အပြင် ဆေးစစ်ခအတွက် ပိုက်ဆံကလည်းကုန်ဦးမှာပါ။ နိုင်ငံတော်တော်များများကလည်း ခရီးသွားဧည့်သည်ဝင်ခွင့်ပိတ်ထားတုန်းဖြစ်တဲ့အတွက် နိုင်ငံထဲကို ဝင်ခွင့်လည်းပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အီတလီနိုင်ငံက (၁၀) နှစ်အရွယ်ကောင်လေးကတော့ ကပ်ရောဂါအတွင်းမှာ အင်္ဂလန်နိုင်ငံက သူ့အဘွားကို တွေ့ပြီးပွေ့ဖက်ချင်တဲ့အတွက် ကီလိုမီတာ ၂၈၀၀ လောက် လမ်းလျှောက်ပြီးသွားခဲ့ပါတယ်။ သူ့အဘွားဆီရောက်ဖို့အတွက် (၃) လကျော်လောက် အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။

ရိုမီယို ကော့ (Romeo Cox) က သူ့မိဘတွေနဲ့အတူ အင်္ဂလန်နိုင်ငံကနေ အီတလီနိုင်ငံကို ပြောင်းရွေ့နေထိုင်ခဲ့တာ (၁) နှစ်ရှိပါပြီ။ အသက် (၇၇) နှစ်အရွယ် သူ့အဘွားကတော့ လန်ဒန်မြို့မှာ နေထိုင်နေပါတယ်။ သူ့အဘွားဆီကို သူတို့မိသားစု အလည်သွားဖို့ စီစဉ်ထားခဲ့ပေမဲ့ ကပ်ရောဂါဖြစ်ပွားခဲ့ပြီး Lockdown ချလိုက်တဲ့အတွက် သူတို့အစီအစဉ်ပျက်ခဲ့ရပါတယ်။ လန်ဒန်ကို ပြန်ဖို့ လေယာဉ်လည်း မရှိတော့ပါဘူး။ ဒါပေမဲ့ ရိုမီယိုက သူ့အဘွားကို လွမ်းပြီး ကျန်းမာရေးမကောင်းမှာလည်း စိတ်ပူတဲ့အတွက် သူ့အဘွားရှိရာနိုင်ငံကို လမ်းလျှောက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အစကတော့သူ့မိဘတွေက ထပ်ခါ ထပ်ခါငြင်းဆန်ခဲ့ပါသေးတယ်။ နောက်တော့ ရိုမီယိုနဲ့ သူ့မိဘတွေ သဘောတူညီချက်ယူလိုက်ရပါတယ်။ သဘောတူညီချက်မှာ ပထမတစ်ချက်က ရိုမီယိုက သူ့အဖေနဲ့အတူသွားရမယ်။ ဒုတိယတစ်ချက်က သားအဖနှစ်ယောက်လုံး ဗိုင်းရပ်စ်မကူးစက်အောင် နေရမယ်ဆိုတာပါပဲ။

သူတို့သားအဖနှစ်ယောက် ခရီးစဉ်အတွက် တဲအိမ်ဆောက်တာလို အရေးကြီးတဲ့အရာတွေ လေ့ကျင့်ပြီးတဲ့နောက်မှာ ၂၀၂ဝပြည့်နှစ် ဇွန်လ ၂၀ ရက်နေ့မှာ ပါလာမိုကနေ သူတို့ရဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ အီတလီနိုင်ငံကနေ ဆွစ်ဇလန်၊ ပြီးရင် ပြင်သစ်ကနေ အင်္ဂလန် (နိုင်ငံ (၄) နိုင်ငံ) ကို ဖြတ်ကျော်ခရီးထွက်ခဲ့ရပါတယ်။ ခရီးစဉ်ရဲ့ ၈၀ ရာခိုင်နှုန်းကိုတော့ လမ်းလျှောက်ပြီး သွားကြတာပါ။ တချို့ကိုတော့ စက်ဘီးစီးတဲ့အပြင် ရွက်လွှင့်ပြီးတော့ သွားကြပါတယ်။ မြင်းနဲ့အတူ လမ်းလျှောက်ပြီးတော့လည်း သွားကြပါတယ်။

လမ်းခရီးတစ်လျှောက်မှာ ရိုမီယိုက သူငယ်ချင်းအသစ်တွေရခဲ့တဲ့အပြင် ခရီးစဉ်မှာ တွေ့ခဲ့တဲ့ လူတော်တော်များများကလည်း သူတို့အိမ်မှာနေပြီး ထမင်းစားဖို့လည်း ဖိတ်ကြားခဲ့ကြပါတယ်။ ခရီးထွက်လာခဲ့တာ (၃) လကျော်အကြာမှာ ရိုမီယိုနဲ့ သူ့အဖေတို့ လန်ဒန်မြို့ကို စက်တင်ဘာ ၂၁ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။ လန်ဒန်မြို့ကို ရောက်တော့ သူ့အဘွားကို မတွေ့ခင် (၁၄) ရက် Self-Quarantine နေခဲ့ရပါတယ်။ အောက်တိုဘာ ၅ ရက်နေ့မှာတော့ ရိုမီယိုဟာ သူ့အဘွားကို ပွေ့ဖက်ခွင့်ရခဲ့ပါတယ်။ မြေးအဘွားတွေ ပြန်လည်ဆုံစည်းတဲ့အချိန်မှာ ဝမ်းသာမျက်ရည်တောင် ကျခဲ့ကြပါတယ်။

ရိုမီယိုရဲ့ခရီးစဉ်ရဲ့နောက်ထပ်ရည်ရွယ်ချက်က Refugee Education Across Conflicts Trust အတွက် ရန်ပုံငွေရှာပေးဖို့ပါပဲ။ ရိုမီယိုက အဲဒီအဖွဲ့အစည်းအတွက် ဒေါ်လာ (၁၈၁၂၉) ရအောင် ရှာပေးနိုင်ခဲ့ပါတယ်။ ဒီငွေပမာဏအကုန်လုံးက ဒုက္ခသည်တွေဆီ တိုက်ရိုက်ရောက်သွားမှာပါ။ ရိုမီယိုရဲ့အမေကလည်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်း REACT ကို တည်ထောင်ထားပါတယ်။ ရိုမီယိုရဲ့အင်စတာဂရမ်အကောင့် @Romeos_big_journey_home မှာ ခရီးစဉ်တစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့အရာတွေကို မျှဝေပေးထားပါတယ်။

Ref: TheSmartLocalThailand “10-Year-Old Walks Across 4 Countries Just To Give Grandma A Hug With No Flights During COVID-19”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top