မုန်တိုင်းအပြီး ဂေဟာရှေ့ ရောက်လာတဲ့ ခွေးသားပေါက်လေးတစ်စု

29.1.24-yyl-1.jpg

နှင်းမုန်တိုင်း ပြီးဆုံးသွားချိန် ဂေဟာရှေ့မှာ ခွေးသားပေါက်လေး တစ်စုနဲ့ စာတစ်စောင်ကို တွေ့လိုက်ရလို့ မြောက်ကာရိုလိုင်းနား တိရစ္ဆာန်ဂေဟာက လူတွေ အံ့အားသင့်သွားတယ်။ စာကို ဖတ်ကြည့်လိုက်တော့ ဝမ်းနည်း၊ ဝမ်းသာဖြစ်ရပြန်တယ်။ အိမ်ရာမဲ့တစ်ယောက်က ခွေးသားပေါက်လေးတွေကို ကယ်တင်လာပြီး သူကိုယ်တိုင်လည်း မမွေးနိုင်လို့ ဂေဟာရှေ့ကို လာပို့သွားခဲ့တာပါ။

အိမ်ရာမဲ့ အမျိုးသားဟာ ခွေးလေခွေးလွင့်တွေကို အစာကျွေးလေ့ရှိသူပါ။ သူအစာကျွေးတဲ့ ခွေးတွေထဲမှာ ခွေးသားပေါက်လေးတွေရဲ့ အမေလည်း ပါတယ်။ တစ်နေ့တော့ ခွေးမကြီးက အစာရှာထွက်လာတုန်း ကားတိုက်ခံရလို့ သေသွားတယ်။ ဒီဖြစ်ရပ်ကို မြင်လိုက်ရတဲ့ အိမ်ရာမဲ့ အမျိုးသားက ခွေးသားပေါက်လေးတွေကို သတိရသွားပြီး သွားကြည့်တယ်။ သူက အိမ်ရာမဲ့ဖြစ်လို့ ခွေးသားပေါက်လေးတွေကို မမွေးနိုင်ပေမဲ့ ဒီအတိုင်းလည်း ပစ်မထားရက်ဘူး။ အဲဒါကြောင့် တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာရှေ့ လာပို့သွားခဲ့တာပါ။

” ခွေးသားပေါက်လေးတွေကို ကျွန်တော်နဲ့ ခွေးမကြီး မရနိုင်တဲ့ အခွင့်အရေးမျိုး ပေးချင်တာပါ။ အရမ်းအေးနေချိန်မှာ ပြန်မလာနိုင်တော့တဲ့ အမေကို မျှော်နေတဲ့ ခွေးလေးတွေကို မြင်ပြီး သူတို့ကို ဒီအတိုင်း မထားခဲ့ရက်လို့ပါ – အမည်မဖော်လိုသူ အိမ်ရာမဲ့”လို့ စာထဲမှာ ရေးသားထားပါတယ်။

ဖာယက်တီဗီးလ်တိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့အစည်းက ဒီအကြောင်းကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေမျှခဲ့တာပါ။ ” စိတ်ထားကောင်းတဲ့ အိမ်ရာမဲ့ကြီးရေ။ ခင်ဗျား ဘယ်နေရာကိုပဲ ရောက်နေနေ၊ ခင်ဗျားရဲ့အကြင်နာတရားကို ဘယ်တော့မှ မျက်ကွယ်ပြုမှာ မဟုတ်ဘူးဆိုတာပါပဲ။ ခက်ခဲတဲ့ အခြေအနေ ကြုံရချိန်မှာတောင် ခင်ဗျားရဲ့ ကိုယ်ချင်းစာစိတ်ရှိပုံက ကျွန်တော်တို့ကို မျှော်လင့်ချက် ရှိစေတယ်၊ အားကျအတုယူစရာ ဖြစ်စေတယ်”လို့ ရေးသားထားပါတယ်။

Ref:Homeless Man Rescues Puppies, Drops Them Off At Shelter With Note

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top