မွေးကတည်းကသားအိမ်ပါမလာတဲ့ သမီးအတွက် အငှားကိုယ်ဝန်ဆောင်ပေးခဲ့တဲ့ အမေ

b1-e1554718059352.jpg

သမီးဖြစ်သူဟာ မွေးကတည်းက သားအိမ်ပါမလာတဲ့အတွက် အဘွားဖြစ်သူဟာ သမီးအတွက် ကိုယ့်မြေးကို ကိုယ်ဝန်ဆောင်ပြီး မွေးပေးခဲ့ရပါတယ်။ အမ်မာမိုင်လ်စ် (Emma Miles) ဟာ အသက် (၅၅) နှစ်ရှိပြီး ကလေးနှစ်ယောက်မိခင်လည်း ဖြစ်ပါတယ်။ အသက် (၃၁) နှစ်ရှိပြီဖြစ်တဲ့ သမီးဖြစ်သူ ထရေစီစမစ်သ် (Tracey Smith) ဟာ မျိုးပွားမှုစနစ် ပြည့်ပြည့်စုံစုံ ပါမလာတဲ့အတွက် သဘာဝအတိုင်း ကလေးမမွေးနိုင်တာကြောင့် မိခင်ဖြစ်သူက အငှားကိုယ်ဝန်ဆောင်ပေးကာ ကလေးမွေးဖွားပေးခဲ့ခြင်း ဖြစ်ပါတယ်။

စမစ်သ်ရဲ့ သားဥအိမ်တွေဟာ ပုံမှန်အတိုင်း အလုပ်လုပ်နေတာကြောင့် သူ(မ)ဟာ သူ(မ) အမျိုးသားနဲ့အတူ ခန္ဓာကိုယ်အပြင်ဘက်မှာ သန္ဓေအောင်တဲ့ နည်းလမ်းကို အသုံးပြုပြီး အမေဖြစ်သူ မိုင်လ်စ်ဆီမှာ ရင်သွေးကို ကိုယ်ဝန်ဆောင်စေခဲ့ပါတယ်။ တကယ်တော့ မိုင်လ်စ်ဟာ သွေးဆုံးနေပေမဲ့လည်း သူ(မ) သမီးရဲ့ သားဥအိမ်ကနေ ဖန်တီးထားတဲ့ ကလေးဖြစ်နေတဲ့အတွက် အငှားကိုယ်ဝန်ဆောင်ပေးနိုင်ခဲ့တာပါ။ သူ(မ)သားအိမ်ဟာ ရင်သွေးငယ်လေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ထားနိုင်ဖို့ ကျန်းမာနေသေးပါတယ်။ ဒီလို ကျန်းမာနေဖို့အတွက် သူ(မ)ဟာ ကိုယ်အလေးချိန် (၃၈) ကီလိုဂရမ်ခန့် လျှော့ချခဲ့ရပါတယ်။

အသက် (၃၅) နှစ်အထက်မှာ ကိုယ်ဝန်ဆောင်တဲ့မိခင်တွေဟာ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ မိခင်ရော ကလေးပါ သေဆုံးနိုင်ခြင်းတွေကို ရင်ဆိုင်နိုင်ခြေ မြင့်မားပါတယ်။ ဒါပေမဲ့ မိုင်လ်စ်ကတော့ သူ(မ) သမီးအတွက် ဘယ်နည်းနဲ့ဖြစ်ဖြစ် အငှားကိုယ်ဝန်ဆောင်ပေးဖို့ ဆုံးဖြတ်ချက်ချပေးခဲ့ပါတယ်။

မိုင်လ်စ်ဟာ ဇန်နဝါရီ (၁၆) ရက်နေ့မှာ အလေးချိန် (၇) ပေါင် (၇) အောင်စရှိတဲ့ အီဗိုင်ဆီရန် အမ်မာစမစ်သ် (Evie Sian Emma Smith) ဆိုတဲ့ မြေးမလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားခဲ့ပါတယ်။ ‘ကလေးမွေးဖွားတာနဲ့ ပတ်သက်လို့ ကျွန်မအသက်အရွယ်ကို လုံးဝစိတ်မပူပါဘူး… ကျွန်မသမီးအတွက် ဒီလို အထူးလက်ဆောင်လေးကို ပေးချင်နေခဲ့တာပါ၊ ထရေစီက ကျွန်မသမီးဖြစ်တဲ့အတွက် ကျွန်မဟာ မိခင်တစ်ယောက်အနေနဲ့ ကျွန်မ ဘာမဆိုလုပ်ပေးဖို့ အသင့်ပါပဲ။ အီဗိုင်လေးအတွက် ညီမလေးဖြစ်ဖြစ်၊ မောင်လေးဖြစ်ဖြစ် သူတို့ ထပ်လိုချင်တဲ့အခါလဲ ကျွန်မ ထပ်ပြီး အငှားကိုယ်ဝန်ဆောင်ပေးအုံးမှာပါ’ လို့ မိခင်မေတ္တာအပြည့်နဲ့ ပြောခဲ့ပါတယ်။ မိုင်လ်စ်ဟာ ဗြိတိန်ရဲ့ အသက်အကြီးဆုံး အငှားကိုယ်ဝန်ဆောင် မိခင်တွေထဲက တစ်ယောက်ဖြစ်မယ်လို့ ယူဆထားကြပါတယ်။

စမစ်သ်က ‘ကျွန်မဟာ ကိုယ့်ကလေးကို ကိုယ်ဝန်မဆောင်နိုင်မှန်း သိရတဲ့အခါ အရမ်းဝမ်းနည်းခဲ့ရပါတယ်။ မိသားစုတစ်ခု တည်ဆောက်ချင်တာဟာ အမြဲတမ်း ကျွန်မခေါင်းထဲမှာ ရှိခဲ့တယ်။ ကျွန်မဆီမှာ ဒီလို ဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်မ ချစ်သူ အဒမ် (Adam) ကို ပြောခဲ့ဖူးပါတယ်။ ကျွန်မ ချစ်သူနဲ့ လမ်းခွဲဖို့အထိတောင် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဒမ်က သူလိုချင်တာ ကျွန်မပဲလို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ အငှားကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ကြတဲ့အခါ အမေက အငှားကိုယ်ဝန်ဆောင်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့ဆီကို ဒီလို အံ့သြစရာကောင်းတဲ့လက်ဆောင်ကို ယူဆောင်လာပေးတဲ့အတွက် အမေ့ကို အရမ်း ကျေးဇူးတင်ပါတယ်’ လို့ ဆိုပါတယ်။

Ref: www.dailymail.co.uk ” Grandmother, 55, gives birth to her own GRANDCHILD after acting as a surrogate for her 31-year-old daughter who was born without a womb “
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top