ရုရှားအာကာသယာဉ်မှူးတွေက ယူကရိန်းအလံအရောင် ဝတ်ဆင်ပြီး နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိလာ

20-3-2022-yyl01.jpg

ယူကရိန်းအလံအရောင် ဝတ်ဆင်ပြီး နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိလာတဲ့ ရုရှားအာကာသယာဉ်မှူးတွေရဲ့ လုပ်ရပ်ကတော့ သမ္မတပူတင်ရဲ့ ကျူးကျော်စစ်ကို ဆန့်ကျင်ကြောင်း ပြသလိုက်သလိုပါပဲ။ ပုံမှန်အတိုင်းဆိုရင် ရုရှားအာကာသယာဉ်မှူးတွေက အပြာရောင်ယူနီဖောင်းကို ဝတ်ဆင်ကြတာပါ။ ဒါပေမဲ့ မက်ဗီယက်ဗ်၊ အာတီမက်၊ ကော်ဆာကော့ဗ် စတဲ့ ရုရှားအာကာသယာဉ်မှူး ၃ ယောက်ကတော့ အဝါနဲ့ အပြာစပ်ကြားဝတ်စုံတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

သူတို့ဟာ ကာဇက်စတန်နိုင်ငံမှာရှိတဲ့ ရုရှားပိုင် ဒုံးပျံလွှတ်တင်ရေးစခန်းကနေ ၃ နာရီကြာ ခရီးစဉ်နဲ့အတူ လိုက်ပါပြီး နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိလာကြတာပါ။ ပြီးခဲ့တဲ့လမှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာအာကာသစခန်းကို ပထမဆုံး ရောက်ရှိလာသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံတကာအာကာသစခန်းမှာရှိတဲ့ အမေရိကန်၊ ရုရှား၊ ဂျာမန် အာကာသယာဉ်မှူးတွေနဲ့ တွေ့ဆုံ၊ ပွေ့ဖက်၊ နှုတ်ဆက်ခဲ့ကြပါတယ်။
နိုင်ငံတကာအာကာသစခန်းဟာ ရုရှား၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်နဲ့ ဥရောပနိုင်ငံတော်တော်များများ ပူးတွဲဖန်တီးခဲ့တဲ့ စီမံကိန်းဖြစ်ပြီး အမေရိကန်နဲ့ ရုရှားက ဆယ်စုနှစ် နှစ်ခုကြာ ပူးတွဲဦးဆောင်ခဲ့ကြတာပါ။

ရုရှားအာကာသယာဉ်မှူးတွေ နိုင်ငံတကာအာကာသစခန်းဆီ ရောက်လာတဲ့မြင်ကွင်းကို အမေရိကန်အာကာသအေဂျင်စီ နာဆာနဲ့ ရုရှားအာကာသအေဂျင်စီ Roscosmos တို့က တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြပါတယ်။ ” အရောင်ရွေးဖို့ အလှည့်ကျလာပြီလေ။ အဝါရောင်ပစ္စည်းတွေလည်း အများကြီးစုပြုံနေတာဆိုတော့ ဒါတွေကို သုံးရမှာပေါ့။ အဲဒါကြောင့် အဝါရောင် ဝတ်လာတာပါ” လို့ ရုရှားအာကာသယာဉ်မှူးတစ်ယောက်က ဆိုပါတယ်။ သူတို့ ၃ ယောက်ဟာ နိုင်ငံတကာအာကာသစခန်းမှာ လက်ရှိ ရှိနေတဲ့ ရုရှားအာကာသယာဉ်မှူး ၃ ယောက်နေရာကို အစားထိုး ဝင်ရောက်မှာဖြစ်ပြီး ၆ လကျော် နေထိုင်ရမှာပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းက လူတွေဟာ ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ယူကရိန်းအလံအရောင်ကို အသုံးပြု ဖော်ပြခဲ့ကြပါတယ်။

Ref: BBC “Russians board International Space Station in Ukrainian colours”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top