ကျူရှင်စနစ်ပပျောက်ရေးကို မနှစ်မြို့တဲ့ ဆရာ၊ ဆရာမတွေရှိနေတာကိုသိရတဲ့အခါ နိုင်ငံအတွက် အင်မတန်မှ စိတ်မကောင်းဖြစ်ရတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားလိုက်တဲ့သတင်း

yyl-001-7.jpg

မိဘများ ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ကျူရှင်စနစ် ပပျောက်ရေးကို ကြိုးပမ်းလျက်ရာတွင် ဝင်ငွေပေါက်ပိတ်သည်ဆိုကာ မနှစ်မြို့သော ဆရာ၊ ဆရာမများ ရှိနေသည်ဟုကြားသိရသောအခါ နိုင်ငံအတွက် အင်မတန်မှ စိတ်မကောင်းဖြစ်ရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် ထူးချွန်စွာ အောင်မြင်ခဲ့သော သိပ္ပံဘာသာတွဲ၊ သိပ္ပံနှင့် ဝိဇ္ဇာ ပေါင်းစည်းဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲမှ ထူးချွန် ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်ပွဲ၏ အမှာစကားတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ စိတ်ထားများကို ပယ်ဖျက်၍ တစ်နိုင်ငံလုံး လင်းထိန်လာစေမည့် ပညာရောင်ကို ထုတ်ဝေ ပေးချင်သည့် စိတ်ဓာတ်ဖြင့် တာဝန်ကျေသည်ထက်လွန်အောင် ဆောင်ရွက်ပေးကြပါ၊ စေတနာဖြင့် သင်ပေးပါ၊ နိုင်ငံ့အတွက် သင်ပေးပါ၊ ကိုယ်တစ်ယောက်တည်းအတွက် မလုပ်ပါနှင့်ဟုလည်း ဆရာ၊ ဆရာမ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။

အဆိုပါဆုချီးမြှင့်ပေးအပ်ပွဲကို စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပခဲ့ခြင်းဖြစ်ရာ ပြည်ထောင်စုအဆင့် အောင်ချက်အကောင်းဆုံး ထူးချွန်ဆုရ ကျောင်း ၆၁ ကျောင်းနှင့် ပြည်ထောင်စုအဆင့် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူ ၁၄၂ ဦးတို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top