နွေနေပူပူမှာ ကလေးကျန်းမာဖို့ မေမေတွေ ဘယ်လိုဂရုစိုက်မလဲ

19-3-2020-yyl-0024.jpg

ဘာလိုလိုနဲ့ နွေရာသီတောင် ရောက်လာပြီနော်။ ကျောင်းတွေလည်း ပိတ်ပြီဆိုတော့ ကလေးတွေအတွက် ပျော်စရာအားလပ်ချိန်လေး ရပြီပေါ့။ ဒီလို ကျောင်းပိတ်ရက်မှာ ဖျားနာနေမယ်ဆိုရင် ကလေးတွေလည်း စိတ်လွတ်လက်လွတ် မပျော်ရတော့ဘူး။ မိဘတွေလည်း ကလေးခံစားနေတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေရမှာပါ။ ဒါကြောင့် ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ ကိုယ့်ကလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းမာနေစေဖို့ ဂရုစိုက်ပေးသင့်တဲ့ အရာလေးတွေကို မေမေတို့အတွက် ပြောပြပေးမယ်နော်။

၁။ ရေများများတိုက်ပေးပါ။

နွေရာသီမှာ ကလေးတွေ ရေသောက်နည်းတာ၊ ချွေးခဏခဏ ထွက်တာကြောင့် ခန္ဓါကိုယ်က ရေဓါတ်ဆုံးရှုံးနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ ကလေးတွေ ခေါင်းမူးပြီး ကိုယ်လက်မအီမသာ ဖြစ်မယ်။ နေလို့ထိုင်လို့ မကောင်းတာ၊ မူးဝေမောပန်းပြီး အားမရှိတာ၊ အသားအရေ ခြောက်သွေ့နေမယ်။ အစာစားချင်စိတ်ပါ နည်းသွားပြီး ဖျားနာတာ ဖြစ်ဖို့ ပိုလွယ်သွားမှာပေါ့။ ဒါကြောင့် နွေရာသီမှာ ကလေးတွေ ရေများများသောက်ဖို့၊ အရည်ရွှမ်းတဲ့ အသီးအနှံတွေ ကျွေးဖို့ မေမေတွေ သတိထားပေးရမယ်နော်။

၂။ ကလေးအာဟာရကို ဂရုစိုက်ပေးပါ။

ကလေးဗိုက်ဝရင်ပြီးရော ဆိုပြီး ဘာစားစား ကျွေးလိုက်တာမျိုး မလုပ်ပါနဲ့။ ဗိုက်ဝတာမှန်ပေမယ့် အာဟာရမဖြစ်တာတွေပဲ စားနေရင် ကလေးလည်း တဖြည်းဖြည်း ပိန်လှီပြီး နေမကောင်းပိုဖြစ်လာမယ်။ ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးအာဟာရဖြစ်စေမယ့် အစားအစာတွေကို အဓိက ကျွေးပါ။ အသားငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ဥ၊ ပဲ၊ နို့ထွက်ပစ္စည်း၊ အစေ့အဆန် အစရှိသဖြင့် အာဟာရစုံလင်စွာ ချက်ပြုတ်ကျွေးမွေးပေးရပါမယ်။

၃။ ကလေးတွေကို အပြင်ထွက်ကစားခိုင်းပါ

မိဘဆိုတာ ကလေးအတွက် အမြဲ ရင်တထိတ်ထိတ်နဲ့ စိတ်ပူပန်နေရတာပါ။ ကိုယ့်သားလေး ဆော့ကစားရင်း ထိခိုက်မိသွားမလား၊ ချွေးတွေနဲ့ အပူရှပ်သွားမလား စိုးရိမ်တတ်ကြသလို တချို့မိဘတွေကလည်း ကလေးကို အပြင်ပေးမထွက်ဘဲ အခန်းထဲအောင်းပြီး စာပဲ လုပ်ခိုင်းတာမျိုး ရှိတတ်ပါတယ်။ ကလေးအရွယ်ဆိုတာ အမြဲလှုပ်ရှားနေမှ စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွပြီး အာရုံစူးစိုက်မှု ကောင်းနိုင်မှာပါ။ ဒါကြောင့် ကိုယ့်ကလေး အပြင်ထွက်ပြီး ကစားဖို့ မေမေတွေအနေနဲ့ သေချာပြောပြဖို့ လိုတယ်နော်။ မနက်ပိုင်းမှာ မိသားစုစုံစုံလင်လင် လမ်းလျှောက်ထွက်တာ၊ အားကစားလုပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။

၄။ ကလေးအပြင်ကနေ ပြန်လာတာနဲ့ ရေပေးမချိုးပါနဲ့။

နွေရာသီမှာ ရာသီဥတုအလွန်ပူပြင်းတာကြောင့် ချွေးတွေ အလွန်အကျွံထွက်နိုင်ပါတယ်။ အပြင်က ပြန်ရောက်ရောက်ချင်း ရေချိုးလိုက်တာ၊ ကိုယ်လက်သန့်စင်တာမျိုး လုပ်လိုက်ရင် ကိုယ်ခန္ဓာက အပူအအေး မမျှတတော့ဘဲ အပူရှပ်သွားနိုင်ပါတယ်။ ဒါကြောင့် အပြင်ကနေ ပြန်ရောက်လာရင် ကလေးကို အဝတ်အစားအရင်လဲပေးပါ။ ကိုယ်ပေါ်မှာ ရှိနေတဲ့ ချွေးတွေကို အရင်ခြောက်အောင် သုတ်ပေးပြီး အအေးခံပြီးတော့မှ ခြေလက် အရင်သန့်စင်ပေးပါ။ ပြီးတော့မှပဲ ရေသေချာချိုးပေးရပါမယ်။

၅။ အပြင်ထွက်တိုင်း ကလေးကို သေချာပြင်ဆင်ပေးပါ။

နွေရာသီရဲ့ ပြင်းလွန်းတဲ့ အပူချိန်ဟာ ကလေးရဲ့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို SPF 15 လောက်ပါတဲ့ နေလောင်ကာခရင်မ်လေး လိမ်းပေးဖို့ မမေ့နဲ့နော်။ အပြင်ထွက်တာနဲ့ ချွေးထွက်လာမှာဆိုတော့ ချွေးစုပ်မယ့် ချည်သားအကျီၤအပွလေးတွေ ဝတ်ပေးပါ။ ကလေးကို ဦးထုပ်ဆောင်းပေးတာဖြစ်စေ၊ ထီးလုံအောင် ဆောင်းပေးပြီး နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းအောင် လုပ်ပေးလို့လည်း ရတယ်နော်။

၆။ ကလေးရဲ့ ညအိပ်ချိန်မှန်ပါစေ။

အိပ်ချိန်ပြည့်ဝမှုဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် အိပ်ချိန် ပိုပြီးတောင် လိုအပ်ပါသေးတယ်။ ဒါကြောင့် ညနောက်ကျတဲ့အထိ ကလေးကို မထားဘဲ စောစောအိပ်တဲ့ အကျင့်ရအောင် လုပ်ပေးပါ။ နေ့လည်နေ့ခင်း တရေးတမောအိပ်တာ၊ ညနောက်ကျမှ ကဖင်းဓာတ်ပါတဲ့ ကော်ဖီတွေ သောက်တာ၊ မုန့်တွေစားတဲ့အခါ ကလေးက ညဘက်မှာ ကောင်းကောင်းမအိပ်နိုင်ဘဲ မျက်စိကြောင်နေမှာပါ။ ဒါကြောင့် ဒီလိုအကျင့်တွေကိုလည်း ဖျောက်ပေးရမယ်နော်။
ကလေးတွေအတွက် ပျော်ရွှင်စရာ အားလပ်ချိန် နွေရာသီလေး ဖြစ်စေဖို့ မေမေတို့အနေနဲ့ ဒီအချက်တွေ သေချာလိုက်နာပေးဖို့တော့ လိုမယ်နော်။

Ref : Hellosayarwon

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top