ညဘက်အိပ်ပျော်အောင် ဘယ်လိုအိပ်ကြမလဲ

young-woman-sleeping-in-bed-close-up.jpg

ပြိုင်ဆိုင်မှုတွေများလာတဲ့ ကမ္ဘာကြီးမှာ ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ဆိုတာ နေ့စဉ် စိန်ခေါ်မှုကြီးလိုဖြစ်လာပါတယ်။ ဒါပေမယ့် မျက်စိအကျင့်၊ ဝမ်းအချင့် ဆိုတဲ့ စကားအရဆို အိပ်ရေးဝဖို့နဲ့ အိပ်ချိန်မှန်ဖို့က ကိုယ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ ဒါကြောင့် သဘာဝတရားအရ အကောင်းဆုံး အားသစ်လောင်းပေးတဲ့ နှစ်ခြိုက်စွာ အိပ်စက်နိုင်မှုဆီကို ညင်ညင်သာသာလေး အရောက်လှမ်းနိုင်ဖို့ ရိုးရိုးရှင်းရှင်း လိုက်လုပ်လို့ရတဲ့ အရာလေးတွေကို သိရအောင်လို့ ဆက်ဖတ်ကြည့်ပါနော်။

၁။ ပုံမှန်အိပ်ရာဝင်ချိန် သတ်မှတ်ပါ။

အိပ်ချိန်ရောက်ပြီဆိုရင် ဦးနှောက်က ကိုယ်ခန္ဓာကို အချက်ပြရင်း ဇီဝနာရီက အဲဒီအိပ်ချိန်အတိုင်း ချိန်ညှိသွားမှာပါ။ အိပ်ရာဝင်ခါနီး တခြားဘာအတွက်မှ အချိန်မပေးပါနဲ့ ။ တခြားကို စိတ်ရောက်နေရင် ခန္ဓာကိုယ်က နားချင်နေတာတောင် စိတ်က ဆန့်ကျင်ဘက်အရာကို လုပ်နေမိမှာပါ။ အဲ့လို အိပ်ခါနီး စိတ်ပူမနေရအောင် နေ့ပိုင်းမှာ check list လုပ်ပြီး အကြမ်းဖျဉ်း အစီအစဉ်ကြိုဆွဲပါ။ တကယ်ဖြစ်နိုင်တဲ့ အိပ်ရာဝင်ချိန်ကို သတ်မှတ်လိုက်ပြီဆိုတာနဲ့ အိပ်ချိန်နီးတဲ့ အခါ လုံးဝမဖြစ်မနေလုပ်ဖို့ လိုတဲ့ အလုပ်ကိစ္စတွေ ကျန်နေသေးလားစိစစ်ပါ။ အစပိုင်းမှာတော့ ကျင့်သားမရသေးတဲ့အတွက် အိပ်ခါနီးအထိ အလုပ်မပြီးသေးတာမျိုး ကြုံရနိုင်ပြီး စိတ်စနောင့်စနင်းနဲ့ အိပ်ရာပေါ် လူးလိမ့်နေတဲ့ထိ ဖြစ်နိုင်ပါသေးတယ်။ အဲလိုအခါမျိုးမှာ အိပ်ရာဝင်ရမယ့်အချိန်ကို ခိုးပြီး အလုပ်ထလုပ်မိတာမျိုးမဖြစ်အောင်ထိန်းပါ။ ရက်အနည်းငယ်ကြာတဲ့အခါ ဦးနှောက်က ဒီလို ပုံမှန်အိပ်ချိန်ပုံစံကို အသားကျလာမှာ ဖြစ်ပြီး အိပ်ပျော်ဖို့ အသင့်ဖြစ်နေစေမှာပါ။

၂။ ကောင်းကောင်းအိပ်ပျော်ဖို့ဆိုတာ စိတ်ဖိစီးမှု ဘယ်လောက်ကင်းလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

တစ်ချိန်လုံး စိတ်လှုပ်ရှားနေမယ် (သို့) ပူပန်သောကများနေမယ်ဆိုရင် အိပ်လို့မရဖြစ်နေမှာပါ။ ဒါကြောင့် အိပ်မယ်ဆိုပြီး ကုတင်ပေါ်လှဲတဲ့အခါ အတွေးတွေအကုန်လုံးကို ရှင်းထုတ်ပစ်ဖို့ လိုပါတယ်။ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ မျှော်မှန်းချက်တွေနဲ့ ဘဝရည်မှန်းချက်တွေ အားလုံးကို နောက်မှတွေးဖို့ လုပ်ပါ။ နက်ဖြန်က နောက်မှလာမှာ၊ ဒီနေ့ အခုလုပ်ဖို့လိုအပ်တာက အေးဆေးတည်ငြိမ်နေဖို့ဆိုပြီး ကိုယ့်ကိုယ်ကို ပြောပါ။

၃။ အိပ်ပျော်ဖို့ ဆိုတာက ကိုယ်ခန္ဓာ သက်သောင့်သက်သာဖြစ်နေတာနဲ့လည်း ဆိုင်ပါတယ်။

မပျော့လွန်း၊ မမာလွန်းတဲ့ မွေ့ရာ၊ လည်ပင်းမနာစေမယ့် ခေါင်းအုံး၊ သန့်ရှင်းသပ်ရပ်မွှေးပျံ့တဲ့ အိပ်ရာခင်း နဲ့ သက်တောင့်သက်သာရှိတဲ့ အိပ်ဝတ်စုံ၊ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်၊ အလင်းခပ်မှိန်မှိန်နဲ့ ညအိပ်မီး စတာတွေကလည်း အိပ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်။ တချို့ဆို နူးညံ့ညင်သာတဲ့ ဂီတသံ တိုးတိုးနဲ့ white noise တွေက သူတို့ရဲ့ အိပ်ချင်စိတ်ကို လှုံ့ဆော်ပေးတယ် လို့ ဆိုကြပါတယ်။

၄။ အိပ်ပျော်ချင်လို့ အိပ်ခါနီး အရက်သောက်တာမျိုး၊ အိပ်ဆေးသောက်တာမျိုးကတော့ ရေတိုအတွက်ပဲ အဆင်ပြေပြီး တာရှည်မွေးမထားသင့်တဲ့ အကျင့်ပါပဲ။

အရက်အများကြီးသောက်တာက ဦးနှောက်ကို ခဏတာထုံထိုင်းသွားစေပြီး အိပ်ပျော်သွားစေနိုင်ပေမဲ့ ခဏခဏ ပြန်ပြန်နိုးတာမျိုးပဲ ဖြစ်နေတာ တွေ့ရမှာပါ။ မနက်နိုးလာတဲ့ အခါလည်း ကြည်ကြည်လင်လင် ရှိမှာ မဟုတ်ပါဘူး။ အိပ်ဆေးတွေ သောက်မှ အိပ်ပျော်မယ့် အကျင့်တစ်ခုလို ဖြစ်လာနိုင်ပြီး ရေရှည်ဆို ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့် ပိုကောင်းကောင်း အိပ်ပျော်အောင် အိပ်ရာမဝင်ခင် နွားနို့ပူပူလေး တစ်ခွက် (သို့) ချောကလက်ပူပူလေး တစ်ခွက် (သို့) ကီဝီသီးဖျော်ရည် တစ်ခွက် သောက်တာက ပိုအကျိုးများပါလိမ့်မယ်။

၅။ ကော်ဖီ၊ လက်ဖက်ရည်၊ကိုလာ (သို့) နီကိုတင်းတို့လိုမျိုး စိတ်ကို နိုးကြွစေတဲ့အရာတွေကို ရှောင်ရှားပါ။

သူတို့ဆီမှာပါတဲ့ ကဖင်းဓာတ်က အာရုံကြောတွေကို တရားလွန်ကြွတက်စေတာကြောင့် အိပ်ပျော်ဖို့ အတော်ခက်ခဲစေပါတယ်။

၆။ အိပ်ခါနီးမှ အစားတွေ နင်းကန်စားတာမျိုး မလုပ်ပါနဲ့ ။

အစာအိမ် တို့ အသည်းတို့ က သည်အချိန်မှာ နားတာမို့ အစာခြေဖို့ အလုပ်ပေးလို့ မကောင်းတော့ပါဘူး။ သူတို့အလုပ်လုပ်နေရင် ခန္ဓာကိုယ်က တစ်နည်းတစ်ဖုံ နိုးကြားနေမှာမို့ အိပ်မပျော်နိုင်ဖြစ်နေတတ်ပါတယ်။ သည်အချိန်စားတဲ့ အစာတွေက အားအင်သုံးဖို့ မရှိတာကြောင့် အဆီပိုဖြစ်သွားတတ်ပြီး ကိုယ်အလေးချိန်ပါတတ်လာနိုင်ပါတယ်။ သိပ်ဆာရင်တော့ အဆာပြေရုံ ခပ်နည်းနည်း စားပေးပါ။

၇။ ဖုန်း၊ကွန်ပြူတာတွေ သုံးတာ၊ စာအုပ်ဖတ်တာနဲ့ တီဗီကြည့်တာကလည်း ညဘက်အချိန်မတော်အထိ နေဖြစ်စေတဲ့ အပြင် အိပ်ချိန်ပုံစံပျက်စေတဲ့ အကြောင်းရင်းကြီးတစ်ခု ဖြစ်ပါတယ်။

စက်ရုပ်လိုပဲ တီဗီချန်နယ်တွေကို ခဏခဏပြောင်းတာမျိုး (သို့) တကယ်လည်း မလိုအပ်ဘဲ အင်တာနက် လျှောက်မွှေကြည့်နေတာမျိုး မကြာမကြာ လုပ်နေမိတတ်တာ တွေ့ရမှာပါ။ အထူးသဖြင့် အိပ်ချိန်ကို တကယ် အစီအစဉ်ချပြီး လုပ်ချင်ရင် အိပ်ရာဝင်ချိန်မတိုင်မီ အားလုံးရှင်းလင်း နေဖို့ ကြိုးစားကြည့်ပါ။ အထူးသဖြင့် တီဗီ (သို့) ရုပ်ရှင်တွေက ဦးနှောက်ကို တက်ကြွစေနိုင်ပြီး အိပ်ပျော်ဖို့ ခက်ခဲတာကို တွေ့ရမှာပါ။

၈။ အိပ်ပျော်အောင် လေ့ကျင့်ခန်း လုပ်ပါ။

ဆယ်မိနစ်လောက်ပဲ တင်ပျဉ်ချိတ်ထိုင်အသက်ပြင်းပြင်းရှူပြီး အကြောလျှော့ပေးပါ။ အိပ်ခါနီး ရေနွေးလေးနဲ့ရေချိုးပြီး အကြောလျှော့လေ့ကျင့်ခန်းလုပ် အိပ်ရတာလောက် အရသာရှိတာ မရှိပါဘူး။

အခုဆို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အသင့်ဖြစ်သွားပြီမဟုတ်လား။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top