မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

12-1-2021-yyl18.jpg

မန်ကျည်းပင်က နွေရာသီမှာ အတော်လေး အေးမြတဲ့ အရိပ်ကိုပေးပါတယ်။ အညာဒေသတွေမှာဆိုရင် မန်ကျည်းပင် အုံ့အုံ့ဆိုင်းဆိုင်းတွေကို အများဆုံး မြင်တွေ့ရပါတယ်။ မန်ကျည်းလို့ ပြောလိုက်ရင် လူအများစုက မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်၊ မန်ကျည်းရွက်နုလေးတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ ဒါတွေက စားသုံးလို့ ရသလို ကျန်းမာရေးအတွက်လည်း ကောင်းစေတယ် ဆိုတာကိုး။

တကယ်က မန်ကျည်းပင်က အရွက်ကစလို့ အစေ့၊ ပင်စည်၊ အသီး၊ အမြစ် အားလုံးက အသုံးဝင်ပါတယ်။ ဒီတစ်ခေါက်တော့ မန်ကျည်းပင်စည်က အခေါက်ထူထူလေးတွေက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးပါမယ်။

မန်ကျည်းခေါက်ဆိုတာ

မန်ကျည်းခေါက်ဆိုတာက ပင်စည် ဒါမှမဟုတ် အကိုင်းရင့်ရင့်လေးတွေရဲ့ ပင်စည် အပြင်ဘက်ကနေ ကာရံထားတဲ့ အခေါက်လေးတွေပါ။ အညိုပွေး ရှိပါတယ်။

မန်ကျည်းခေါက်က အနီရောင်ထွက်တာ ရှိသလို မန်ကျည်းအဖြူခေါက်လည်း ရှိပါတယ်။

မန်ကျည်းခေါက်က ဆေးဖက်ဝင်လား

မန်ကျည်းပင် အခေါက်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။

ဝမ်းဗိုက်ပြဿနာ ကင်းစေတယ်

မန်ကျည်းခေါက်လေးကို ဗိုက်ထဲက စူးပြီးအောင့်တ၊ လေထိုးလေအောင့်တာ၊ အစာမကြေတာ၊ အော့အန်တာ၊ ခံတွင်းပျက်တာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာတွေကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။

ဝမ်းဗိုက်ပြဿနာ ကင်းစေဖို့ဆိုရင် မန်ကျည်းခေါက်လေးကို ပျားရည်နဲ့ တွဲဖက် အသုံးပြုပေးလို့ ရပါတယ်။

မျက်စိနာတာကို သက်သာစေတယ်

မျက်စိနာတဲ့အခါ ရေစင်အောင်ဆေးထားတဲ့ မန်ကျည်းခေါက် (အထူးသဖြင့် မန်ကျည်း အနီခေါက်) ကို ကျောက်ပျဉ်မှာ သွေးပြီး မျက်လုံးတဝိုက်ကို ကွင်းလူးပေးပါ။

မိတ်ဖု၊ ယားနာ သက်သာစေတယ်

အရေပြားပေါ်က မိတ်ဖုတွေကို သက်သာစေဖို့ဆိုရင် မန်ကျည်းခေါက်ကို ရေကျဲကျဲလေး သွေးပြီး လိမ်းပေးလို့ ရပါတယ်။ အရေပြားပေါ်က ယားယံတဲ့ အဖုအပိမ့်တွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

ထိခိုက်ဒဏ်ရာတွေ ရတဲ့အခါ ပိုးမဝင်စေဖို့လည်း သေချာ သန့်စင်ထားတဲ့ မန်ကျည်းခေါက်ကို ပြုတ်လို့ ရတဲ့ အရည်နဲ့ ဆေးကြောပေးလို့ ရပါတယ်။ ပုရွက်ဆိတ်၊ ခါချဉ်ကိုက်တဲ့ နေရာတွေကို သက်သာစေဖို့လည် မန်ကျည်းခေါက် သွေးလူးပေးလို့ ရပါတယ်။

ဆီးပြဿနာ သက်သာစေတယ်

ဆီးမသွားတာ၊ ဆီးအောင့်တာ၊ ဆီးကျဉ်တာတွေကို သက်သာစေဖို့အတွက်လည်း မန်ကျည်းခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။

သွေး​ကြောင့်ဖြစ်တဲ့ အရေပြား ပြဿနာကို သက်သာစေတယ်

သွေး မသန့်တာ​ကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေ၊ အရေပြား ဓာတ်မတည့်မှုတွေကို သက်သာစေဖို့အတွက်လည်း မန်ကျည်းခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဝက်ခြံ သက်သာစေတယ်

မန်ကျည်းခေါက်ကို သွေးပြီး လိမ်းပေးတာက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားပေါ်က ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ မန်ကျည်းခေါက်ရဲ့ နောက်ထပ်အာနိသင် တစ်ခုက အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တာပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top