ဘတ်စကတ်ဘောအသင်းထံကနေ ချန်ပီယံရှစ်လက်စွပ်ရရှိခဲ့တဲ့ ဒေါင်းဆင်ဒရုန်းရောဂါသည်အမျိုးသား

7-6-2022-yyl10.jpg

ဟန်တာပီတာဆန်ဆိုတဲ့ ဒေါင်းဆင်ဒရုန်းရောဂါရှိသူ အမျိုးသားဟာ ဘတ်စကတ်ဘောကစားသမားတစ်ယောက်မဟုတ်ပေမဲ့ အမျိုးသားဘက်စကတ်ဘောအသင်းရဲ့ဆုတံဆိပ်ချီးမြှင့်ခံရတဲ့အဖွဲ့ဝင်တစ်ယောက်ပါ။ Milwaukee Bucks ဘတ်စကတ်ဘောအသင်းကို လာရောက်အားပေးကြည့်ရှုကြတဲ့ ပရိသတ်တွေက သူ့ကို မြင်တွေ့ရမှာပါ။

ဟန်တာက ဘယ်လိုဖြစ်လို့ ဘက်စကတ်ဘောအသင်းရဲ့ ချန်ပီယံလက်စွပ် ချီးမြှင့်ခံရတဲ့အဖွဲ့ဝင် ဖြစ်လာသလဲဆိုရင်ဟန်တာက Milwaukee Bucks ဘက်စကတ်ဘောအသင်းအတွက် အကအဖွဲ့အသစ်တစ်ခုမှာ ပါဝင်မယ့် အကသမားတွေကို ခေါ်ယူနေတဲ့ ကြော်ငြာတစ်ခုကို ရုပ်သံသတင်းမှာမြင်တွေ့ခဲ့ပါတယ်။ သူက အဲဒါကို စမ်းကြည့်ချင်ခဲ့တယ်။ အကသမားတော်တော်များများက ပရော်ဖက်ရှင်နယ်အကသမားတွေဖြစ်တဲ့အတွက် ဟန်တာအတွက် အဆင်ပြေမှာမဟုတ်ဘူးလို့ သူ့ဖခင်ဖြစ်သူ ခရိတ်ချ် ပီတာဆန်က ထင်ခဲ့တာပါ။ ဒါပေမဲ့ အကအဖွဲ့မှာ သူ့သား ပါဝင်နိုင်ဖို့ ကြိုးစားကြည့်ပေးခဲ့ပါတယ်။

ခရိတ်ချ်က အသင်းရဲ့တွဲဖက်တည်ထောင်သူ အဲလက်စ် လက်ရီဆီ လူမှုကွန်ယက်ကနေတဆင့် ဆက်သွယ်ခဲ့ပြီး အထူးလိုအပ်ချက်ရှိနေတဲ့တစ်စုံတစ်ယောက်ကို အကအဖွဲ့ထဲ ထည့်ဖို့ အစီအစဉ်မရှိဘူးလားလို့ မေးမြန်းခဲ့ပါတယ်။ အဲလက်စ်က “ကျွန်တော်တို့ အဲဒါကို လုပ်တော့မှာပါ”လို့ ပြန်စာပို့ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ဟန်တာဟာ ဘတ်စကတ်ဘောအသင်းကိုယ်စားပြုအကအဖွဲ့ထဲ ဝင်ဖြစ်ခဲ့ပါတယ်။ အဲဒီကတည်းက ဘတ်စကတ်ဘောကစားသမား ဂီရန်နစ် အန်တီတိုကိုအန်ပို အပါအဝင် လူတော်တော်များများအပေါ် စိတ်ဓာတ်ခွန်အားပေးခဲ့တာပါ။ ဂီရန်နစ်ကဆိုရင် အကအဖွဲ့ထဲကနေ ဟန်တာကို ခေါ်ထုတ်သွားပြီး ဘက်စကတ်ဘောကွင်းမှာ လမ်းလျှောက်ကြတယ်။ ဘတ်စကတ်ဘောဖိနပ်တွေလည်း ပေးခဲ့တယ်။

ဟန်တာက သူ့လို ဒေါင်းဆင်ဒရုန်းရောဂါခံစားနေရတဲ့သူတွေကိုလည်း စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့ပါတယ်။ သူ့ရဲ့အဖေ ခရိတ်ချ်က ဒေါင်းဆင်ဒရုန်းရောဂါနဲ့ ကလေးတစ်ယောက်ရဲ့မိခင်ဆီကနေ အီမေးလ်တစ်စောင် လက်ခံရရှိခဲ့ပါတယ်။ “သူ့ကလေးဟာ ဟန်တာကို ဘတ်စကတ်ဘောပွဲမှာ မြင်တွေ့ခဲ့တဲ့အချိန် အမျိုးသားဘတ်စကတ်ဘောအသင်းတစ်သင်းအတွက် အလုပ်လုပ်ပေးနေတဲ့ သူလိုမျိုး အထူးလိုအပ်ချက်နဲ့လူတစ်ယောက်ကို မြင်ခဲ့ရတဲ့အတွက် စိတ်အားထက်သန်သွားခဲ့တယ်။ ဒါကြောင့် ဟန်တာက အထူးလိုအပ်ချက်ရှိတဲ့လူအသိုက်အဝိုင်းအတွက် စံပြပုဂ္ဂိုလ်ဖြစ်တယ်”လို့ အီမေးလ်မှာ ရေးသားထားပါတယ်။

၂၀၂၁ခုနှစ် ဇူလိုင်လမှာ Milwaukee Bucks အသင်းက NBA ချန်ပီယံရှစ်ဆုကို ရရှိသွားခဲ့ပါတယ်။ သူတို့က ဟန်တာကို သူတို့ရဲ့ချန်ပီယံရှစ်လက်စွပ်နဲ့ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ အဲဒါကို ၂၀၂၂ခုနှစ် မတ်လ ၂၁ ရက်နေ့ International Down Syndrome Day မှာ ရရှိခဲ့တာပါ။ဟန်တာဟာ ဒေါင်းဆင်ဒရုန်းရောဂါခံစားနေရသူတွေအနက် အမျိုးသားဘက်စကတ်ဘောအသင်းရဲ့ အကအဖွဲ့မှာ ပါဝင်ခွင့်ရတဲ့ တစ်ဦးတည်းသောသူ ဖြစ်မယ်လို့ ခရိတ်ချ်က ယုံကြည်ထားပါတယ်။ အားကစားအသင်းတွေမှာ ဟန်တာလိုလူမျိုးတွေ အများကြီးမြင်ချင်တယ်လို့လည်း ပြောပါတယ်။

Ref: CBSNews “How one man with Down syndrome earned a championship ring from the Milwaukee Bucks”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top