သင့်ဉီးနှောက်အပေါ် များစွာသက်ရောက်မှုဖြစ်စေတဲ့ စာဖတ်ခြင်းအလေ့အထ

6.12.2021yyl13.jpg

စာဖတ်တာက ကျွန်တော့်တို့ကို ဝေါဟာရတွေကြွယ်ဝအောင်၊ အသိအမြင်တွေကျယ်လာအောင်၊ စိတ်ကူးအကြံဉာဏ်သစ်တွေပေါ်လာအောင်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင် လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ စာဖတ်တာကို ဘဝတစ်လျှောက်လုံး အလေ့အထတစ်ခုအနေနဲ့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ စာဖတ်တာက အောင်မြင်မှုရဲ့သော့ချက်လို့လည်း ယူဆလို့ရပါတယ်။ အာရုံကြောသိပ္ပံပညာအရ စာဖတ်တာက ကျွန်တော်တို့ဉီးနှောက်ကို သတင်းအချက်အလက်တွေ ဖြည့်ဆည်းပေးရုံသာမက ဉီးနှောက်လုပ်ဆောင်နိုင်စွမ်းကိုလည်း ပိုကောင်းစေပါတယ်။ စာဖတ်တာများလာတာနဲ့ ကျွန်တော်တို့ဉီးနှောက်ရဲ့တွေးခေါ်နိုင်စွမ်းနဲ့ အရာရာကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ စီမံဆောင်ရွက်နိုင်စေပါတယ်။

ဘာလို့ နေ့တိုင်း စာဖတ်သင့်တာလဲ

ကျွန်တော်တို့ ငယ်စဉ်ကတည်းက စာဖတ်တာနဲ့ ရင်းနှီးလာခဲ့ပြီးသားပါ။ စာဖတ်တာကနေ ကမ္ဘာကြီးအကြောင်းနဲ့ပတ်သက်တဲ့ အသစ်အဆန်းတွေကို သင်ယူလေ့လာခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အရွယ်ရောက်လာပြီး ပညာသင်ယူတက်မြောက်ပြီးနောက် လုပ်ငန်းခွင်ထဲဝင်ရောက်တာနဲ့ စာဖတ်တာအပေါ် အချိန်မပေးနိုင်တော့ဘဲ စာဖတ်ခြင်းအလေ့အထတွေ လျော့နည်းလာကြပါတယ်။ စာဖတ်တာက လူတိုင်းအတွက် အရေးကြီးပြီး မိနစ် ၃၀ စာဖတ်ပေးလိုက်တာနဲ့ စာဖတ်တာရဲ့အကျိုးကို ရပါတယ်။ စာဖတ်တာကနေ ရေတို၊ရေရှည်အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ စာဖတ်တာက ကမ္ဘာကြီးနဲ့ပတ်သက်တဲ့ သိမြင်မှုတွေ တိုးပွားလာနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါတယ်။

စာဖတ်တာက သင့်ဉီးနှောက်ကို ဘယ်လိုအကူအညီပေးလဲ

သုတေသနပြုချက်တွေ များစွာ လုပ်နေရတုန်းပေမဲ့ စာဖတ်တာက အခြေခံအားဖြင့် စာနာနားလည်မှု လေ့ကျင့်ခန်းဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ကျွန်တော်တို့နဲ့ ကွာခြားတဲ့ အခြားသူတွေရဲ့အယူအဆအမြင်တွေကို နားလည်ပေးနိုင်အောင် ကူညီပေးပြီး စိတ်ခံစားမှုအရည်အသွေး EQ ကို တိုးမြှင့်စေပါတယ်။ စာဖတ်တာရဲ့အကျိုးသက်ရောက်မှုကို နားလည်ဖို့ လုပ်ဆောင်ခဲ့တဲ့ လေ့လာချက်တွေမှာ ဉီးနှောက်လှိုင်းပေါ်မှာ စာဖတ်ခြင်းရဲ့အကျိုးသက်ရောက်မှုကို သုတေသီတွေက မြင်တွေ့နိုင်ခဲ့ပါတယ်။ စာအုပ်ထဲက ဇာတ်ကောင်က လေ့ကျင့်ခန်းလုပ်နေရင် သင့်ဉီးနှောက်ရဲ့နေရာတစ်ဝိုက်က Gym မှာ သင် လေ့ကျင့်ခန်းလုပ်နေသလို နိုးကြားလာမှာဖြစ်ပါတယ်။ သင့်အနီးနားတစ်ဝိုက်က အရာတွေနဲ့ ဘဝတွေကို မေးခွန်းထုတ်စေတဲ့ စာအုပ်တွေက ရှုပ်ထွေးလှတဲ့ စိတ်ကူးအကြံဉာဏ်တွေကို အလွယ်တကူ ဖမ်းဆုပ်နိုင်အောင် ကူညီပေးတယ်။

ဒါက လျှောက်ရမယ့်လမ်းကြောင်းကို စိတ်ကူးနိုင်စွမ်း၊ အသေးစိတ်တွေကို မှတ်မိနိုင်စွမ်း၊ မြင်ကွင်းတွေကို အမှတ်ရနိုင်စွမ်းနဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေကနေတဆင့် တွေးတောနိုင်စွမ်းတွေ အားကောင်းလာစေတယ်လို့ နောက်ထပ်သုတေသနပြုချက်က ဆိုထားပါတယ်။ ဒါက သင့်ကို ပိုပြီး အသိပညာတွေရလာစေပြီး ထက်မြက်လာစေတဲ့အပြင် အောင်မြင်မှုနဲ့ ပိုပြီးနီးကပ်လာအောင် ခြေတစ်လှမ်းတိုးသွားစေပါတယ်။

စာဖတ်တဲ့ အလေ့အကျင့်မရှိဘူးဆိုရင် ဘယ်လိုဖြစ်မလဲ

ပထမဆုံးတစ်ခုက သင် စာမဖတ်ဘူးဆိုရင် ဘာဗဟုသုတမှ ရမှာမဟုတ်ပါဘူး။ ဝေါဟာရတွေလည်း မကြွယ်တော့ဘူး။ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းလည်း လျော့နည်းသွားမယ်။ ဒါ့အပြင် လူတွေအပေါ် အာရုံစိုက်နိုင်စွမ်းနဲ့ စာနာနိုင်စွမ်းတွေလည်း အချိန်ကြာလာတာနဲ့ နည်းပါးသွားမယ်။ နောက်တစ်ခုက စာမဖတ်ဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းမရှိဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ အသက်အရွယ်ရလာရင် စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ စာဖတ်တာနဲ့ ပြဿနာဖြေရှင်းရတဲ့ဂိမ်းတွေက မှတ်ဉာဏ်ဆုံးရှုံးတာကို ကာကွယ်ပေးပြီး စိတ်ဖိစီးနိုင်ခြေကို လျော့ချပေးတဲ့အပြင် အသက်ကြီးလာတဲ့အခါ ကြုံတွေ့ရတဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

စာဖတ်တာက သင့်တစ်နေ့တာမှာ လုပ်ဆောင်ပေးသင့်တဲ့ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်ဖြစ်တဲ့အတွက် အိပ်ရာမဝင်ခင် အနည်းဆုံး မိနစ် ၃၀ စာဖတ်တတ်တဲ့အလေ့အကျင့်ရှိအောင်လုပ်ပါ။ ဘယ်လိုစာအုပ်မျိုးဖတ်ဖတ်ရပါတယ်။ သင် ကြိုက်နှစ်သက်ရာ စာအုပ်ကို ဖတ်ပေးနိုင်ပါတယ်။

Ref: How reading changes your brain, according to neuroscience

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top