အနာဂတ်မှာ ကြုံရမယ့်ကပ်ဘေးတွေက ကိုဗစ်ထက် သေဆုံးမှုမြင့်နိုင်တယ်လို့ ကာကွယ်ဆေးဖော်စပ်သူတစ်ဦး ဆို

7.12.2021yyl13.jpg

အနာဂတ်မှာ ကြုံရမယ့် ကပ်ဘေးတွေက ကိုဗစ်-၁၉ ကပ်ရောဂါထပ် သေဆုံးမှု ပိုများနိုင်လို့ အခုကပ်ဘေးကာလမှာ ကြုံခဲ့တဲ့ သင်ခန်းစာတွေကို မေ့ပျောက်ပစ်လို့ မရဘူး၊ လာမယ့် ကပ်ဘေးတွေအတွက် ကြိုတင်ပြင်ဆင်ထားရမယ်လို့ Oxford-AstraZeneca ကာကွယ်ဆေး ဖော်စပ်ခဲ့သူတစ်ဦးက ပြောပါတယ်။

ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၅.၂၆ သန်းရှိခဲ့ပြီး စီးပွားရေးလောကမှာ ဒေါ်လာ ထရီလျံချီ ဆုံးရှုံးခဲ့သလို လူဘီလျံပေါင်းများစွာရဲ့ ဘဝတွေ ကမောက်ကမဖြစ်ခဲ့ရပါတယ်။

” အမှန်အတိုင်း ပြောရရင် ထပ်လာမယ့် ကပ်ဘေးက ပိုဆိုးနိုင်ပါတယ်။ ကူးစက်မှု ပိုမြန်မယ်၊ ဒါမှမဟုတ် သေဆုံးမှုနှုန်း ပိုမြင့်မယ် ဒါမှမဟုတ် ၂ ခုလုံးလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့အသက်တွေ၊ ဘဝတွေကို ဗိုင်းရပ်စ်ပိုး ခြိမ်းခြောက်မှုက ဒီတစ်ကြိမ် နောက်ဆုံးမဟုတ်သေးပါဘူး” လို့ ဆာရာဂီဘတ်က ပြောပါတယ်။

နောက်ထပ်ကြုံရမယ့် ဗိုင်းရပ်စ်ပိုးအတွက် တစ်ကမ္ဘာလုံး အခုထက် ပိုကောင်းအောင် ပြင်ဆင်ထားသင့်တယ်လို့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးဗေဒ ပါမောက္ခ ဆာရာဂီဘတ်က ဆိုပါတယ်။ချမ်းသာတဲ့နိုင်ငံတွေက ထပ်တိုးကာကွယ်ဆေးတွေ ထိုးနှံနေချိန်မှာ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေက ကာကွယ်ဆေးရဖို့ အကန့်အသတ်ရှိနေတာမျိုး ကြုံနေရပြီး ကိုဗစ်-၁၉ ကပ်ရောဂါ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေမှာ မညီမျှမှုတွေ၊ ဝိဝါဒကွဲပြားမှုတွေ ရှိနေပါတယ်။

” ကျွန်မတို့ ရရှိခဲ့တဲ့ ခေတ်မီနည်းပညာတွေ၊ ဗဟုသုတတွေကို အလဟသအဖြစ်ခံလို့ မရပါဘူး” လို့ ဆာရာဂီဘတ်က ပြောပါတယ်။ကိုဗစ်-၁၉ ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းပုံကို ပြန်လှန်သုံးသပ်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ဖွဲ့စည်းပေးထားတဲ့ ကျန်းမာရေးပညာရှင်အဖွဲ့ကတော့ သဘောတူစာချုပ်သစ် ချုပ်ဆိုပြီး ကပ်ရောဂါတွေကို ရှာဖွေစစ်ဆေးနိုင်ဖို့အတွက် အမြဲတမ်းရန်ပုံငွေ ထူထောင်ဖို့၊ လုပ်နိုင်စွမ်း မြှင့်တင်ဖို့ တိုက်တွန်းထားပါတယ်။ ကပ်ဘေးအတွက် အသင့်ဖြစ်စေဖို့ တစ်နှစ်ကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ မတည်ပေးဖို့ အဆိုပြုထားပါတယ်။

အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ဟာ ဗိုင်းရပ်စ်ရဲ့ ပရိုတိန်းဆူးချွန်မှာ မျိုးဗီဇ ပြောင်းလဲမှုတွေ ရှိနေလို့ ကူးစက်မှု မြင့်မားပြီး ကာကွယ်ဆေးတွေရဲ့ ကာကွယ်နိုင်စွမ်း လျော့နည်းနိုင်တယ်လို့ ဆာရာဂီဘတ်က ပြောပါတယ်။

Ref: Reuters “Next pandemic could be more lethal than COVID, vaccine creator says”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top