နွေရာသီမှာ ခေါင်းတစ်ခြမ်းကိုက်တာကို ရှောင်နိုင်မယ့် အကြံပြုချက်တွေ

25-4-2022-yyl-05.jpg

ခေါင်းတစ်ခြမ်းကိုက်တာကလည်း အဖြစ်များတဲ့ အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုပါပဲ။ ခေါင်းတစ်ခြမ်းကိုက်တာကို အမျိုးသမီးတွေ ပိုပြီးအဖြစ်များပါတဘ်။ ၄ နာရီကနေ ၇၂ နာရီကြား အကြာကြီး ခေါင်းကိုက်တာအပြင် ပျို့အန်တာ၊ မအီမသာဖြစ်တာ၊ အလင်းနဲ့အသံစူစူတွေ ခံနိုင်စွမ်းမရှိတာတွေလည်း ခံစားရနိုင်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အစပျိုးစေတဲ့ အရာတွေကတော့ အိပ်ရေမဝတာ၊ အစားအသောက်ပျက်တာ၊ လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာ၊ စိတ်ဖိစီးတာ၊ အလင်းရောင်များတာ၊ ကျယ်လောင်တဲ့အသံတွေ၊ ဟော်မုန်းပြောင်းလဲတာ၊ ဓမ္မတာလာတာ၊ ရေဓာတ်ကုန်ခန်းတာ၊ ကော်ဖီ၊ ချောကလက်၊ ချိစ်၊ ပြုပြင်ထုတ်ပိုးထားတဲ့ အသားတွေလို အစားအစာတွေဖြစ်ပါတယ်။ အပူရှိန်ပြင်းတာ၊ စိုထိုင်းမှုနဲ့ နေရောင်ခြည်ပြင်းတာတွေလို ရာသီဉတုပြောင်းလဲမှုတွေကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဖြစ်စေပါတယ်။

နွေရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်ပေါ်မှုများတယ်လို့ လေ့လာချက်တချို့အရ သိရပါတယ်။ နွေရာသီမှာ ပူပြင်းတာ၊ ရေဓာတ်ကုန်ခန်းတာ၊ အိပ်ချိန်နည်းတာတွေက ခေါင်းကိုက်ခြင်းကို အစပျိုးစေပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် နွေရာသီမှာ လူတွေကို ကျန်းမာရေးပြဿနာတွေနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေပါတယ်။

နွေရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ရှောင်ဖို့ အကြံပြုချက်တချို့ကတော့

ကိုယ့်ကိုယ်ကို ရေဓာတ်ပြည့်ဝအောင် နေပါ

အပြင်သွားတဲ့အခါတိုင်း အမြဲတမ်း ရေဗူးဆောင်ပါ။ ရေသောက်သုံးမှုပမာဏကို ကန့်သတ်ထားတဲ့ ကျန်းမာရေးအခြေအနေတွေကလွဲပြီး ၂.၅ လီတာပမာဏ ရေသောက်သုံးပေးဖို့ လိုအပ်ပါတယ်။

အစားအသောက်ကို ညီညွှတ်မျှတစွာ စားပါ

ကော်ဖီ၊ ဝိုင်၊ ချောကလက်၊ ချိစ်တွေအစား သရက်သီး၊ ဖရဲသီး၊ သခွားသီး၊ အရွက်များတဲ့ဟင်းသီးဟင်းရွက်လို လတ်ဆတ်တဲ့ နွေရာသီစာသစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။

ဉီးထုပ်နဲ့ထီးတို့ကို မမေ့ပါနဲ့

နွေရာသီမှာ အပြင်ထွက်တဲ့အခါ ဉီးထုပ်နဲ့ ထီးဆောင်းဖို့ မမေ့ပါနဲ့။ ဉီးထုပ်နဲ့ ထီးတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ရှောင်ရှားနိုင်အောင် သင့်ကို အပူဒဏ်မခံရစေတဲ့ အရိပ်ရစေတဲ့ အရာတွေဖြစ်ပါတယ်။

လေအေးပေးစက်အပူချိန်ကို ထိန်းပေးပါ

လူ့ခန္ဓာကိုယ်အတွက် ၂၅-၂၇ ဒီဂရီစင်တီဂရိတ်က သင့်တင့်တဲ့အပူချိန်ပါပဲ။ လေအေးပေးစက်အပူချိန်ကို အဲဒီအပူချိန်လောက်ထားပေးသင့်ပါတယ်။

တင်းကျပ်တဲ့ တစ်နေ့တာအစီအစဉ် ချမှတ်ပါ

သင့်အိပ်ချိန်နဲ့ စားသောက်ချိန်အတွက် အချိန်ဇယားထားပေးပါ။ အိပ်ချိန်မှန်ပါစေ။ အစားအသောက်ကိုလည်း တစ်နေ့ ၃ နှပ် အချိန်မှန်မှန်စားပေးပါ။
နေမထွက်ခင်၊ နေစောင်းတဲ့အချိန်တွေမှာ လေ့ကျင့်ခန်းလုပ်ပါ
မနက်ခင်းအစောကြီး (သို့) ညနေ့ခင်းပိုင်းမှာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပေးပါ။ နေပူထဲမှာ လေ့ကျင့်ခန်းလုပ်တာမျိုးကိုတော့ ရှောင်ကျဉ်ပေးပါ။

စိတ်ဖိစီးမှုမဖြစ်အောင် ဂရုစိုက်ပါ

စိတ်ဖိစီးမှုမဖြစ်အောင် အလုပ်နဲ့အချိန်ကို ပညာရှိစွာ စီမံခန့်ခွဲပါ။ အလုပ်အပိုတွေကို အခြားသူတွေကို ခွဲဝေလုပ်ကိုင်စေပါ။ စိတ်ဖိစီးသလိုခံစားရတဲ့အခါ အနားယူပေးပါ။ သင့်ကိုယ်တိုင်အတွက် အချိန်ပေးလိုက်ပါ။

ခေါင်းတစ်ခြမ်းကိုက်တဲ့အချိန် ဘာလုပ်ရမလဲ

အနားယူဖို့အတွက် တိတ်ဆိတ်တဲ့၊ အလင်းရောင်သိပ်မများတဲ့ နေရာရှာပါ။ ရေတစ်ခွက်သောက်ပါ။ သင့်ခေါင်းအပေါ် ရေခဲအိတ်ကပ်ပါ။ ခေါင်းကိုက်ပျောက်ဆေးသောက်ပါ။ ဆေးဆိုင်တွေက ညွှန်ပေးတဲ့ Paracetamol၊ Diclofenac လို ခေါင်းကိုက်ပျောက်ဆေးသောက်တာဖြစ်ဖြစ် သင့်ဆရာဝန်ညွှန်ပေးတဲ့ဆေးသောက်တာဖြစ်ဖြစ် လုပ်ပေးပါ။ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခဏခဏခံစားရရင်တော့ ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

Ref: Tips to avoid summer migraines

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top