ဆိုရှယ်မီဒီယာ စွဲလမ်းမှုကို လွယ်ကူတဲ့နည်းလမ်းတွေနဲ့ ဘယ်လိုလျှော့ချမလဲ

25-9-2020-yyl-034.jpg

ဒီကနေ့ခေတ်မှာ ဆိုရှယ်မီဒီယာ အသုံးပြုတယ်ဆိုတဲ့ကိစ္စက နေ့စဉ်လူနေမှုဘဝထဲက အစိတ်အပိုင်းတစ်ခုလိုကို ဖြစ်နေတာပါ။ အသုံးပြုချိန်တွေ မြင့်မားလာသလို အလွန်အကျွံအသုံးပြုတာတွေလည်း ရှိလာပါတယ်။ စွဲလမ်းလာတယ်ပေါ့။

ဆိုရှယ်မီဒီယာတွေဟာ လူအချင်းချင်းဆက်သွယ်ပြောဆိုမှုနဲ့ သတင်းအချက်အလက်မျှဝေဖို့ ရည်ရွယ်ဖန်တီးထားတာဖြစ်ပေမယ့် ဒီကနေ့ခေတ်မှာတော့ ဒီထက်အများကြီး ပိုမိုကျယ်ပြန့်လာနေပါပြီ။ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ နိုင်ငံရေးစတာတွေရဲ့ ဗဟိုချက်တစ်ခုလိုကိုဖြစ်လာနေပါတယ်။

လူငယ်တွေအတွက်ဆိုရင်လည်း နေ့စဉ်ဘဝအတွက် မရှိမဖြစ် ပျော်စရာ နည်းလမ်းတစ်ခုဖြစ်သလို စိတ်ထွက်ပေါက်လို့လည်းဆိုလို့ရပါတယ်။ ဒီတော့လည်း အချိန်ပြည့်ဆိုရှယ်မီဒီယာတွေကို အသုံးပြုနေတာတွေ၊ ဖုန်းကိုလက်ကမချနိုင် တကိုင်ကိုင်ဖြစ်နေတာတွေက သိပ်တော့ ထူးဆန်းလှတယ်လို့ မဆိုသာပါဘူး။

လက်ရှိအချိန်ဟာလည်း COVID-19 ကာလမို့ လူတစ်ဦးချင်းစီရဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုပမာဏက ပိုလို့တောင်မြင့်တက်လာပါသေးတယ်။ Updated ဖြစ်တဲ့ သတင်းအချက်အလက်တွေကို သိဖို့နဲ့ စိတ်အပန်းပြေဖို့ပေါ့။

ပျော်ရွှင်စေဖို့ဆိုပေမယ့် ဆိုရှယ်မီဒီယာတွေဟာ စိတ်ကျန်းမာရေး၊ အရိုး၊ အကြော၊ မျက်စိကျန်းမာရေးနဲ့ လူမှုရေးပြဿနာတွေကို ယူဆောင်လာနိုင်တာမို့ အလွန်အကျွံအသုံးပြုလာရင် အဆင်မပြေမှုတွေ၊ စိတ်ကသိအအောက်ဖြစ်တာတွေ ခံစားရလာနိုင်ပါတယ်။

အထူးသဖြင့် ဆိုရှယ်မီဒီယာတွေဟာ စိတ်ကျန်းမာရေးပြဿနာတွေဆီတွန်းပို့တတ်တယ်လို့ သိပ္ပံနည်းကျ သက်သေပြထားပြီးသားပါ။ COVID-19 ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အနည်းနဲ့အများရှိနေချိန်မှာ ဆိုရှယ်မီဒီယာတွေကို လွန်လွန်ကဲကဲ အသုံးပြုမိနေမယ်ဆိုရင် စိတ်ကျန်းမာရေးကို သိသိသာသာထိခိုက်စေပါလိမ့်မယ်။

ဒီအခြေအနေကို ရှောင်လွဲဖို့ဆိုရင် ဆိုရှယ်မီဒီယာအသုံးပြုမှုကို လျှော့ချဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဆိုရှယ်မီဒီယာအသုံးပြုမှုတွေ လွန်ကဲလာပြီလို့ ယူဆရင် အောက်ပါ နည်းလမ်းတွေနဲ့ ရိုးရှင်းစွာ လျှော့ခနိုင်ပါတယ်။

၁။ ဖုန်းကို ဝေးဝေးထား

အလုပ်၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့်ကလွဲပြီး ဖုန်းကို ကိုယ်နဲ့ ခပ်ဝေးဝေးမှာထားတာက ဆိုရှယ်မီဒီယာ အသုံးပြုမှုကို သိသိသာသာ လျော့ပါးစေပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုသူများစုက ဖုန်းနဲ့ သုံးကြတာပါ။ ကွန်ပျူတာနဲ့သုံးသူတွေလည်း ရှိပေမယ့် ဖုန်းနဲ့သုံးတဲ့သူက အဆမတန်ပိုများပါတယ်။

ကွန်ပျူတာနဲ့ဆိုရင် ကွန်ပျူတာဖွင့်တာနဲ့ Browsing လုပ်တာနဲ့ အချိန်ကြာမြင့်နိုင်တာမို့ တော်ရုံမသုံးဖြစ်ကြပဲ။ အလုပ်ကိစ္စတွေ လုပ်ကိုင်ရင်းနဲ့မှ တွဲဖက်သုံးဖြစ်ကြတာများပါတယ်။ ဖုန်းနဲ့ကျ ဒီလိုမဟုတ်ပါဘူး။ ဖုန်းကို အချိန်တိုင်းကိုင်ထားမိရင် ဖုန်းထဲက App တွေဆီ အလွယ်တကူမျက်စိရောက်သွားနိုင်တာမို့ သုံးနိုင်ခြေက အလွန်များပါတယ်။ ဒါကြောင့် ဖုန်းကို ကိုယ်နဲ့ ခပ်ဝေးဝေးထားပါ။ တတ်နိုင်ရင်တော့ ဆိုရှယ်မီဒီယာ App တွေကို ဖျက်ချလိုက်တာအကောင်းဆုံးပါပဲ။

၂။ အချိန်သတ်မှတ်ပြီးသုံးပါ

လုံးဝကြီးတော့ မရှောင်နိုင်ဘူး။ အတန်အသင့်တော့ သုံးမယ် ဆိုရင်တော့ အချိန်ကန့်သတ်ပြီး သုံးဖို့လိုပါတယ်။ တစ်နေ့မှာ ဘယ်နှစ်နာရီသုံးမယ်၊ တစ်ခါသုံးရင် ဘယ်နှစ်နာရီသုံးမယ်ဆိုတာကို သတ်မှတ်ပြီး သုံးသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ အချိန်တိုင်း သုံးမိနေမယ်ဆိုရင်တော့ အာရုံကြောဝေဒနာတွေ၊ စိတ်ဖိစီးမှုတွေ၊ Text-neck Syndrome လိုဝေဒနာတွေ၊ အိပ်မပျော်တာတွေခံစားရလာမှာပါ။

၃။ ရွေးချယ်သုံးစွဲပါ

သုံးတဲ့အချိန်တွေမှာလည်း ဘယ်အကြောင်းအရာကိုပဲ လုပ်မယ်၊ ရှာဖွေမယ်၊ ဖတ်ရှုမယ်၊ ကြည့်မယ်ဆိုတာကို သေချာဆုံးဖြတ်ထားပါ။ တစ်ခုခုမြင်တိုင်း စိတ်ဝင်စားလို့ လိုက်လိုက်ကြည့်နေရင် ပြီးတော့မှာမဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာဆိုတာက ဒီလိုနည်းနဲ့ လူတွေ အချိန်ကြာကြာဖြုန်းအောင် ဆွဲဆောင်ထားတာလေ။

ဟိုဟာလေးစိတ်ဝင်စားလို့ လိုက်ကြည့်လိုက် ဒီဟာလေး စိတ်ဝင်စားလို့ လိုက်ကြည့်လိုက်ဆိုရင် အရင်လိုပဲ တနေကုန်ဆက်သုံးဖြစ်သွားပါလိမ့်မယ်။

ဒီနည်းလမ်း ၃ သွယ်က သင့်ရဲ့ ဆိုရှယ်မီဒီယာ စွဲလမ်းစိတ်ကို တားမြစ်ပေးနိုင်ပါတယ်။ ကိုယ့်က ဆိုရှယ်မီဒီယာကို အလွန်အကျွံတွေ သုံးမိနေပြီဆိုရင် အထက်ပါ နည်းလမ်း ၃ ရပ်နဲ့ ကိုယ့်ကိုယ်ကို တားဆီးကြည့်ဖို့ တိုက်တွန်းပါရစေ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top