ရောဂါပိုး ရှိ၊ မရှိကို မြန်မြန်စစ်နိုင်တဲ့ Antigen Test Kit တွေ ရောက်ပြီ၊ မနက်ဖြန်ကစပြီး ခရိုင်၊ မြို့နယ်ဆေးရုံးတွေမှာ အသုံးပြုသွားမယ်

28-9-2020-yyl-032.jpg

ရန်ကုန် စက်တင်ဘာ ၂၈

COVID-19 ရောဂါပိုး ရှိ၊ မရှိကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် စမ်းသပ်နိုင်တဲ့ Antigen Test Kit တွေ ရောက်ရှိလာပြီလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်း ကနေတစ်ဆင့် အသိပေးပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ Antigen Test Kit အခုရေ နှစ်သိန်းကျော်မှာယူထားတာဖြစ်ပြီးတော့ မနေ့က အခုရေ ခြောက်သောင်းရောက်ရှိလာတဲ့အပြင် ဒီကနေ့မှာလည်း တစ်သိန်းလေးသောင်းရောက်ရှိလာတဲ့အတွက် ဝယ်ယူ ထားတဲ့ နှစ်သိန်းစလုံး အပြည့်ရောက်ပြီလို့ ၎င်းက ဆိုပါတယ်။
”Test Kit တွေကို မနက်ဖြန်ကနေစပြီးတော့ ခရိုင်၊ မြို့နယ်ဆေးရုံတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ မနက်ဖြန်မှာလည်း တောင်ကိုရီးယားနိုင်ငံအစိုးရကလှူဒါန်းတဲ့ Test Kit အခုရေငါးထောင် ရောက်ဖို့ရှိပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခုလို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် စစ်ဆေးနိုင်တဲ့ Antigen Test Kit တွေကို အသုံးပြုတဲ့အခါ ရောဂါပိုးရှိသူတွေကို မြန်မြန်တွေ့ရှိလာနိုင်ပြီး စောစောစီးစီးကုသမှုပေးနိုင်မယ့်အတွက် ရောဂါပျောက်နှုန်းလည်း ပိုမို ကောင်းမွန်လာမယ်လို့ ၎င်းက ဆိုပါတယ်။

Antigen Test Kit တွေကို တောင်ကိုရီးယားနိုင်ငံက ဝယ်ယူတာဖြစ်ပြီးတော့ တောင်ကိုရီးယားနိုင်ငံအစိုးရက လည်း ဒေါ်လာ ၅ သိန်းဖိုး လှူဒါန်းသွားမယ်လို့ စက်တင်ဘာ ၂၅ ရက်က ပြောကြားတဲ့ ပြည်သူ့သို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၈ ရက်၊ ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ COVID-19 ဓာတ်ခွဲအတည်ပြူလူနာစုစုပေါင်း ၁၁၆၃၁ ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ ၃၀၇၃ ဦး၊ သေဆုံးလူနာ ၂၅၆ ဦးအထိ ရှိနေပါတယ်။

Photo – Myanmar State Counsellor Office

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top