ကလေးအသက်အရွယ်အလိုက် မိဘတွေ ဂရုစိုက်ပေးသင့်တဲ့ ခံတွင်းသန့်ရှင်းရေး

28-7-2020-yyl-001.jpg

ကျွန်တော်တို့ရဲ့ပါးစပ်က ဘတ်တီးရီးယားမွှားတွေ ပေါက်ဖွားနိုင်တဲ့နေရာဖြစ်ပါတယ်။ ဒါကြောင့် သွားကျန်းမာရေးအတွက်ရော ခံတွင်းသန့်ရှင်းရေးအတွက်ပါ တစ်နေ့ကို သွား (၂) ကြိမ်တိုက်ဖို့ သတိပေးနေရတာဖြစ်ပါတယ်။ ခံတွင်းသန့်ရှင်းရေးက ကျွန်တော်တို့အတွက် အရေးကြီးပေမယ့် သေချာဂရုမစိုက်တဲ့အခါ မလိုလားအပ်ဘဲ သွားနာတာ၊ သွားဖုံးနာတာတွေဖြစ်လာကြရပါတယ်။ ခံတွင်းသန့်ရှင်းရေးအလေ့အထကို ငယ်ငယ်လေးကတည်းက အကျင့်လုပ်လာခဲ့မယ်ဆိုရင် သွားပိုးစားတာ၊ အခေါင်းပေါက်ဖြစ်တာတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ ခံတွင်းသန့်ရှင်းကို ဂရုစိုက်ပေးတာက မိဘတိုင်းရဲ့တာဝန်ဖြစ်သင့်ပါတယ်။ ကလေးတွေရဲ့ ခံတွင်းသန့်ရှင်းရေးကို မိဘတွေ ဂရုစိုက်ပေးနိုင်ဖို့အတွက် ခံတွင်းသန့်ရှင်းရေးကို ကလေးအသက်အရွယ်အလိုက် ဘယ်လိုလုပ်ပေးသင့်လဲဆိုတာကို သိရှိစေဖို့ ဖော်ပြရေးသားပေးလိုက်ရပါတယ်။

မွေးကင်းစကလေးတွေအတွက်

မွေးကင်းစကလေးရဲ့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပေးဖို့အတွက် သွားပေါက်လာတဲ့အထိ မစောင့်ပါနဲ့။ နို့တိုက်ပြီးသွားရင် ခံတွင်းထဲမှာ ဘတ်တီးရီးယားပိုးမွှားတွေ မပေါက်ဖွားစေဖို့အတွက် ကလေးရဲ့သွားဖုံးတွေကို နူးညံံ့တဲ့အဝတ်စနဲ့ သုတ်ပြီး သန့်စင်ပေးသင့်ပါတယ်။ သင့်ကလေးက သွားစပေါက်လာတဲ့ အသက် (၆) လနဲ့ (၁၂) လကြားမှာတော့ ကလေးတွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ သွားတိုက်တံပျော့စားနဲ့ ကလေးရဲ့သွားတွေကို တိုက်ပေးလို့ရပါပြီ။ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့သွားတိုက်ဆေးကိုလည်း အသုံးပြုဖို့ လိုပါတယ်။

အသက် (၂) နှစ်နဲ့ (၂) နှစ်အထက် ကလေးတွေအတွက်

သင့်ကလေးက အသက် (၂) နှစ်အရွယ်ဆိုရင် သွားတိုက်ဆေးကို ဘယ်လိုထည့်ရမလဲဆိုတာ သင်ပေးသင့်ပြီဖြစ်တဲ့အတွက် ဖလူအိုရိုက်ဒ်ပါတဲ့သွားတိုက်ဆေးကို သုံးခိုင်းလို့ရပါပြီ။ ဒါပေမဲ့ သွားတိုက်ဆေးပမာဏကို ပဲစေ့လောက်အရွယ်ထက်မများပါစေနဲ့။ ကလေးတွေကို သွားတိုက်ဆေးမျိုမချမိအောင်လည်း ဂရုစိုက်ကြည့်ပေးသင့်ပါတယ်။ အသက် (၂) နှစ်နဲ့ (၂) နှစ်အထက်အရွယ်ကလေးတွေက တစ်နေ့ (၂) ကြိမ် သွားတိုက်ရမယ်ဆိုတဲ့ အလေ့အကျင့်ကို သင်ပေးရမယ့်အချိန်ဖြစ်နေပါပြီ။ ကလေးရဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် လမ်းညွှန်ချက်တွေကို ပိုပြီးသိချင်တယ်ဆိုရင် သွားဆရာဝန်နဲ့လည်း တိုင်ပင်ကြည့်သင့်ပါတယ်။ ကလေးတွေ သွားတိုက်နည်းကို သေချာနားလည်ဖို့အတွက် သူတို့ရဲ့ပထမဆုံးမွေးနေ့မှာ သွားဆရာဝန်နဲ့ တွေ့ပေးသင့်ပြီး ဆရာဝန်က ကလေးရဲ့သွားအခြေအနေကို စောစီးစွာ သိရှိခွင့်ရနိုင်တယ်လို့ American Dental Association အရ သိရပါတယ်။

အရွယ်ရောက်နေတဲ့ ဆယ်ကျော်သက် ကလေးတွေအတွက်

အရွယ်ရောက်နေတဲ့ ကလေးတွေကတော့ တစ်နေ့ (၂) ကြိမ် အနည်းဆုံး (၂) မိနစ်လောက် မပျက်မကွက်သွားတိုက်ရတော့မှာဖြစ်ပါတယ်။ သူတို့တွေက သွားယိုယွင်းပျက်စီးတာ၊ အခေါင်းပေါက်ဖြစ်တာတွေကို ကာကွယ်ဖို့အတွက် သွားတွေကြားသန့်ရှင်းသွားအောင် flossing ပုံမှန်လုပ်ပေးသင့်ပါတယ်။ အဲဒီအရွယ်ကလေးတွေရဲ့သွားက ငယ်သွားလဲတဲ့အချိန်ဖြစ်တဲ့အတွက် တစ်နေ့တာခံတွင်းသန့်ရှင်းရေး အလေ့အထနဲ့ပတ်သက်ပြီး စိတ်အားထက်သန်သင့်ပါတယ်။ ကလေးတွေရဲ့သွားတွေ မညီညာဘူးဆိုရင်လည်း သွားဆရာဝန်တွေက သွားထိန်းတပ်ဖို့ အကြုံပေးကောင်းပေးနိုင်ပါတယ်။ ဒါကြောင့် သွားထိန်းတပ်ထားတယ်ဆိုရင်တော့ နေ့တိုင်း flossing လုပ်ပေးဖို့က ပိုပြီအရေးကြီးလာပါတယ်။

ကလေးတွေရဲ့ ခံတွင်းသန့်ရှင်းရေးအလေ့အကျင့်ကောင်းတွေ မွေးမြူနိုင်ဖို့အတွက် မိဘတွေက ကလေးတွေကို ငယ်ငယ်လေးကတည်းကနေ စနစ်တကျသင်ကြားပေးသင့်ပါတယ်နော်။

Ref: Oral hygiene: How to take care of your child’s teeth at different ages

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top