ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

24-11-2020-yyl-009.jpg

ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ အေးမြတဲ့ဆောင်းရာသီကို ကြုံဆုံရတဲ့အခါမျိုးမှာ ကျန်းမာရေးပြဿနာတွေကလည်း နောက်ဆက်တွဲအနေနဲ့ ပါလာတတ်ပါတယ်။ နှလုံးရောဂါ ဝေဒနာသည်တွေအတွက်ဆိုရင်တော့ ဒီကာလမျိုးမှာ Heart Attack က ဒုက္ခအပေးဆုံးလို့ဆိုရပါမယ်။

လေ့လာချက်တွေအရဆိုရင် နှလုံးရောဂါကြောင့်ဖြစ်လာတဲ့ Heart Attack နဲ့ လေဖြတ်တာတွေဟာ ဆောင်းရာသီမှာ ဖြစ်နိုင်ခြေအတော်လေးများတယ်လို့ဆိုပါတယ်။ ရင်ဘတ်အောင့်တာနဲ့ အအေးဒါဏ်ကြောင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။

နောက်ထပ်တစ်ချက်ကတော့ ဆောင်းရာသီမှာကြုံရတတ်တဲ့ လေအေးတွေကြောင့် ခန္ဓာကိုယ်အပူချိန်ကျဆင်းပြီး နှလုံးထိခိုက်နိုင်တာပါပဲ။ ခန္ဓာကိုယ် အပူချိန် ၉၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက်လျော့ပါးအောင် တိုက်ခတ်လာတတ်တဲ့ လေအေးတွေဟာ နှလုံးရောဂါသည်တွေအတွက်တော့ အန္တရာယ်တစ်ခုပါပဲ။

လက်ရှိအချိန်အထိတော့ ဆောင်းဦးကိုဝင်လာပြီဖြစ်ပေမယ့် ခုကာလက အရမ်းတော့ မအေးသေးပါဘူး။ ဒါပေမယ့် ဒီနှစ်လည်း ယမန်နှစ်တုန်းကလိုမျိုး အအေးလှိုင်းဖြတ်ဖို့ရှိနေတာမို့ သတိထားရမယ့် အခြေအနေပါပဲ။

နှလုံးဝေဒနာသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ကျွမ်းကျင်သူတွေကတော့ ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေအနေနဲ့ Lifestyle ပြောင်းလဲဖို့ အဓိကထား စဉ်းစားသင့်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ နေထိုင်မှုပိုင်းဆိုင်ရာတွေကို ပြောင်းလဲနိုင်ဖို့ လိုအပ်နေတာပါ။

ဒါပေမယ့် နှလုံးရောဂါသည်တွေဆိုတာက တခြားလူတွေနဲ့ မတူပါဘူး။ လေ့ကျင့်ခန်းလုပ်ပါလို့ ပြောပေမယ့်လည်း လေ့ကျင့်ခန်းတိုင်းက သူတို့နဲ့အဆင်မပြေနိုင်သလို အရမ်းပင်ပင်ပန်းပန်း ကိုယ်လက်လှုပ်ရှားတာမျိုးတွေကလည်း သူတို့အတွက် မကောင်းလှပါဘူး။

ဒါကြောင့် နှလုံးဝေဒနာသည်တွေအနေနဲ့ အေးမြတဲ့ဆောင်းရာသီမျိုးကို ရင်ဆိုင်ရပြီဆိုရင် အောက်ပါအချက်တွေကို လိုက်နာပြီး နေထိုင်ဖို့ လမ်းညွှန်ထားကြပါတယ်။

ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်ပါ၊
နွေးနွေးထွေးထွေးနေပါ၊
သွေးပူလေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှုစတာတွေ လုပ်ပါ၊
ရာသီဥတုအကြောင်းပြချက်နဲ့ အရက်အသေစာ သောက်စားတာမျိုးကို ရှောင်ကျဉ်ပါ၊
အချိန်ကြာမြင့်စွာ ရေချိုးခြင်းကို ရှောင်ကျဉ်ပါ၊
လက်ကိုစင်ကြယ်စွာ ဆေးကြောပါ၊ လက်ကတဆင့် ကူးစက်နိုင်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေဟာ နှလုံးကို ပိုမိုထိခိုက်ဆိုးရွားစေနိုင်ပါတယ်၊
နှလုံးကျန်းမာစေပြီး အာဟာရပြည့်ဝစေမယ့် အစားအစာတွေကို မှီဝဲပါ၊
ကိုလက်စထရော၊ သွေးတွင်းသကြားပမာဏ၊ သွေးခုန်နှုန်းနဲ့ သွေးဖိအားတွေကို အမြဲမပြတ်စစ်ဆေးဂရုစိုက်ပါ၊
စိတ်ဖိစီးမှု လျော့နည်းအောင် ဂရုစိုက်ပါ၊
Heart Attack ဖြစ်လာနိုင်တဲ့ လက္ခဏာတွေပြသလာရင် အလျှင်အမြန် ကုသမှုခံယူပါ။
ဒါ့အပြင် အောက်ပါအချက်တွေကိုလည်း ရှောင်ကျဉ်နိုင်ဖို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။

(ပြင်းထန်တဲ့ လေ့ကျင့်ခန်း အပါအဝင်) အလွန်အမင်း ပင်ပန်းတာမျိုးတွေ မလုပ်ပါနဲ့၊
အလွန်အမင်း အအေးမခံပါနဲ့၊
(အအေးဒါဏ်ကို ရှောင်လွှဲဖို့) အလွန်အမင်း အပူဒါဏ်မခံပါနဲ့၊
တတ်နိုင်သမျှ တုပ်ကွေးမမိအောင် ဂရုစိုက်နေထိုင်ပါ၊
ကျန်းမာရေးပြဿနာတစ်စုံတစ်ရာ ရှိလာချိန်မှာ စပ်ဆေးတွေ သုံးစွဲတာမျိုးကို လုံးဝ ရှောင်ပါ၊
အရက်၊ ဆေးလိပ်၊ အဆီနဲ့ အငံဓာတ်ကဲတဲ့ အစားအစားတွေကို လုံးဝ ရှောင်ကျဉ်ပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top