ခရီးသွားရင်း ပုံတင်ရုံနဲ့ ဝင်ငွေ အသာလေးရနေတဲ့ စုံတွဲ

Instagram-traveling-couple-9.jpg

ဂျက်ခ် မောရစ် (Jack Morris) နဲ့ လော်ရမ် ဘူလန် (Lauren Bullen) တို့ ချစ်သူနှစ်ယောက်လုံးဟာ မင်းသား၊ မင်းသမီးတွေ မဟုတ်ကြပါဘူး။ ဆိုပေမဲ့ အင်စတာဂရမ်ပေါ်မှာတော့ နာမည်ကြီးကြသူတွေပါ။

ဆိုရှယ်မီဒီယာတစ်ခုခုမှာ နာမည်ကြီးသူ တစ်နည်းအားဖြင့် influencers တွေပေါ့။ နှစ်ယောက်အတူ ကမ္ဘာပတ်ပြီး ပုံတွေတင်ရင်း ဝင်ငွေရှာနေကြတာပါ။

အသက် (၂၆) နှစ်ရှိပြီဖြစ်တဲ့ မောရစ်နဲ့ အသက် (၂၄) နှစ်ရှိပြီဖြစ်တဲ့ ဘူလန်တို့နှစ်ယောက်ပေါင်း သုံးနေတဲ့ ‘do you travel’ အင်စတာဂရမ် အကောင့်ဟာဆိုရင်လည်း followers (၂.၈) မီလီယံနဲ့ ရပ်တည်နေပါသေးတယ်။ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ (၂) နှစ်တုန်းက ဖီဂျီ (Fiji) မှာ အလုပ် လုပ်ရင်း ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး နှစ်ယောက် စတွဲဖြစ်တဲ့အချိန်မှာတော့ လုပ်ကိုင်နေဆဲ အလုပ်အကိုင်တွေကို စွန့်လွှတ်ကာ influencer အနေနဲ့ အတူတကွလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘာလီမှာ စလိုက်တဲ့ adventure trip က အမိုက်စားပုံတွေကို နှစ်ယောက်သား ကိုယ်ပိုင် အင်စတာဂရမ်အကောင့်တွေမှာတင်ရင်း ကုန်ပစ္စည်းတွေနဲ့ ခရီးသွားလုပ်ငန်းတွေကနေ စပွန်ဆာရအောင် စရှာခဲ့ကြပါတယ်။

ကံကောင်းတယ်လို့ပဲပြောရမလား။ ဒီနည်းလမ်းလေးက စစချင်းမှာပဲ အလုပ်ဖြစ်သွားခဲ့ပါတယ်။ ပထမဆုံးရတဲ့ လစာက ဂဏန်းခြောက်လုံး၊ သိန်းဂဏန်းလောက်လေးပဲဆိုတော့ နည်းနေသေးတယ်လို့ ဆိုရမှာပေါ့။

“တကယ်တော့ ကျွန်တော်တို့ဝင်ငွေက အတိအကျပြောဖို့ ခက်ပါတယ်။ တစ်ခုနဲ့တစ်ခုက မတူတော့လေ။ ပုံသေမရှိပါဘူး။ ဓာတ်ပုံတစ်ပုံကို ဒေါ်လာ (၃,၀၀၀) ထက်နည်းမယ်ဆိုရင်တော့ ကျွန်တော်တို့ မတင်ပေးတော့ဘူးဗျ” လို့ မောရစ်က Cosmo ကို ပြောခဲ့ပါတယ်။ “ပုံမှန်ကျွန်တော် post တစ်ခုကို ဒေါ်လာ (၉,၀၀၀) လောက်တော့ ရတယ်ဗျာ။ ကျွန်တော် ဖုန်းကုမ္ပဏီတစ်ခုအတွက် လုပ်ပေးနေတာမျိုးဆို (၃) ရက် ခရီးထွက်ရင်း လုပ်တာမျိုးပါ။ (၂) ရက်ကို ရိုက်ကူးရေးအတွက် သီးသန့်အချိန်ယူပြီး အင်စတာဂရမ်မှာတော့ ပုံ (၅) ပုံတင်ပေးပါတယ်။ အဲလိုမျိုးဆို စုစုပေါင်း ဒေါ်လာ (၃၅,၀၀၀) ယူတာပေါ့။”

ဓာတ်ပုံတစ်ပုံလောက်ကို ဒေါ်လာထောင်နဲ့ချီ ပေးနေရတာမျိုးက ရှောခ့်ရစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မောရစ်ကတော့ နည်းမျိုးစုံနဲ့ တန်ကြေးရှိအောင် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

သူတို့တွေရဲ့ဘဝက အိမ်မက်တစ်ခုလို့ ထင်ရပေမဲ့ ဘယ်အရာကိုမှ အမြင်နဲ့ကြည့်လိုက်၊ ပုံဖော်လိုက်နဲ့မဟုတ်ဘဲ ကိုယ်တိုင် ကြိုးကြိုးစားစား လုပ်ကြည့်ကြဖို့ ပြောကြားခဲ့ပါသေးတယ်။ အင်စတာဂရမ်မှာ မြင်နေရတဲ့အရာတွေဟာ ဘဝရဲ့ အစိတ်အပိုင်း သေးသေးလေးတစ်ခုသာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ၎င်းတို့ချစ်သူနှစ်ဦးဟာ social influencers တွေအတွက်ဆိုပြီးတော့လည်း အားပေးစကားပြောပေးခဲ့ကြပါသေးတယ်။

“ကျွန်တော်တို့ အဓိက ပြောချင်တာကတော့ ဘဝကို ကိုယ့်ပုံစံ အစစ်အမှန်အတိုင်းပဲ နေထိုင်ပါ။ ပြီးတော့ ကိုယ် တကယ်မြတ်နိုးတဲ့ အရာတွေကိုပဲလုပ်ပါ။ ချွန်ထွက်ချင်တယ်ဆိုရင်တော့ အဦးဆုံး နည်းနည်းလေး ခွဲထွက်လိုက်ဖို့ လိုမယ်ဗျာ။ လစာကြောင့်၊ အောင်မြင်မှုကြောင့်ဆိုတဲ့ အကြောင်းပြချက်အမှားတွေကြား အချိန်ဖြုန်းမနေပါနဲ့။ ဘူလန်ရော၊ ကျွန်တော်ရော ဒီနှစ်တွေထဲ ဘာစီးပွားရေးအစီမစဉ်မှ အတိအကျမရှိဘဲ content တွေကို ဖန်တီးခဲ့ကြတာပါ။ ပထမတော့ဒီတိုင်း ဝါသနာပါလို့လုပ်ခဲ့ကြတာပေါ့။ ခုတော့ အချိန်ပြည့် အလုပ်တစ်ခုအနေနဲ့တောင် ဖြစ်လာပြီလေ။ ခုထိလည်း ပျော်နေရတုန်းပါ။ ဆန္ဒနဲ့ဘဝ တစ်ထပ်ထည်းကျသွားတယ်လို့ပဲ ပြောရမှာပေါ့။” လို့ မောရစ်က Huffpost ကိုပြောကြားခဲ့ပါတယ်။

Ref: Pinterest “This Instagram Couple Earns 6-Figure Salaries Just To Travel The World”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply