ရွှေတိဂုံဘုရားရှိ အံ့ဖွယ်ကိုးနေရာ လမ်းညွှန်

shwedagon-amazing01.jpg

ဗုဒ္ဓဘာသာဝင် အများစုသည် ရွှေတိဂုံဘုရားကို ဖူးမျှော်ကြဖူးပြီး ဖြစ်ပါတယ်။ သို့သော်လည်း အံ့ဖွယ်ကိုးနေရာကို ကြားဖူးပြီး ကိုယ်တိုင်ကိုယ်ကျ မရောက်ဖူးသူများလည်း များလှပါတယ်။ ထို့ကြောင့် လမ်းညွှန်ဆောင်းပါးအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

ရွှေတိဂုံဘုရားတွင် ကကုဿန်မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ကောဂမနမြတ်စွာဘုရား၏ ရေစစ်တော်၊ ကဿပမြတ်စွာဘုရား၏ ရေသနုပ်သင်္ကန်းတော်၊ ဂေါတမမြတ်စွာဘုရား၏ ဆံတော် တို့ကို ဌာပနာထားပါတယ်။ အံ့ဖွယ်ကိုးနေရာများကတော့ –

အံ့ဖွယ် ၁ – တဝဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား

တဝဂူဆုတောင်းပြည့်ဘုရားသည် အရှေ့ဘက်မုခ်တည့်တည့်ရှိ ရွှေတိဂုံစေတီ၏ အထက်ပစ္စယံမှာရှိပါတယ်။ တနလာၤဂြိုဟ်တိုင်နှင့် အလွန်နီးပါတယ်။ အမျိုးသားများသာ တက်ရောက်ဖူးမျှော်ခွင့်ရှိပြီး အရှေ့ဖက်ဆောင်းတန်းထဲတွင် CCTV နှင့်ချိတ်ထားသော မော်နီတာဖြင့် တဝဂူ ဆုတောင်းပြည့်ဘုရား ဆင်းတုတော်ကို ဖူးမျှော်နိုင်ပါတယ်။ ရှေးအခါက မင်းညီမင်းသားများ မင်းတရားဆု တောင်းကြပြီး အချင်းချင်း နန်းလုသတ်ဖြတ်မှုများ ဖြစ်ပေါ်ရသည်ဟု ဘုရင်မင်းမြတ်က ယုံကြည်ကြသည်။ ထို့ကြောင့် ဘုရင်က မင်းညီမင်းသားများ မဖူးရဟု အမိန့်တော်ချပြီး ကြီးစဉ်ငယ်လိုက် မင်းပြုစေသည်ဟု ပြောစမှတ်ပြုကြပါတယ်။

အံ့ဖွယ် ၂ – ဝိဇ္ဇာဇော်ဂျီဘုရား

ရွှေတိဂုံစေတီ၏ အနောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်ကြား စနေဂြိုဟ်တိုင်ထောင့် အနီးတွင် တည်ရှိပါတယ်။ ဆင်းတုတော်ထားရာဂူတွင် ဇော်ဂျီရုပ်များ ထွင်းထုထားပါတယ်။ ရှေးခေတ် လောကီဓာတ် ပညာအစီအရင်များဖြင့် တည်ခဲ့သည်ဟု သိရပါတယ်။

အံ့ဖွယ် ၃ – ရှင်စောပုဘုရား

ရွှေတိဂုံစေတီ၏ အနောက်ဘက်မုခ်နှင့် မြောက်ဘက်မုခ်ကြား ရှိ ရှင်စောပုတန်ဆောင်းတွင် တည်ထားပါတယ်။ ဟံသာဝတီမှ ဘုရင်မကြီး ရှင်စောပု၏ ကုသိုလ်တော်ဖြစ်ပါတယ်။ ဘားလေးဘားဘုရားဟုလည်း ခေါ်ဆိုတတ်ကြပါတယ်။ ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါစသော စကားပင်လေးပင် ရှိပါတယ်။ တစ်ခုတည်းသောဆုကို တောင်းလျင် ပြည့်တတ်သည်ဟု ယူဆကြပါတယ်။

အံ့ဖွယ် ၄ – ဆံတော်တွင်းရုပ်ပွားတော်

ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်ရှိ ဆံတော်တွင်းတန်ဆောင်းတွင် တည်ရှိပါတယ်။ ဆံတော်တွင်းတန်ဆောင်း၏ ကောင်းမှုတော်မှာ ဒဂုန်ခင်ခင်လေး ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားတည်စဉ်က ဆံတော်လေးဆူကို ဆေးကြောသည့်တွင်း ဖြစ်သည်ဟု မှတ်သားရပါတယ်။ ဧရာဝတီမြစ်ရေနှင့် ဆံတော်တွင်းရေသည် တကြောတည်း ရှိပြီး ဧရာဝတီ မြစ်ရေ အတက်အကျရှိလျင် ဆံတော်တွင်း ရေလည်း အတက်အကျရှိသည်ဟု မှတ်သားခဲ့ရပါတယ်။ ၁၈၇၉ခုတွင် ဆံတော်တွင်းကို ငုံပြီး အုတ်ပြဿာဒ် တည်ဆောက်ခဲ့ပါတယ်။

အံ့ဖွယ် ၅ – ရှင်အဇ္ဇဂေါဏဘုရား

တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီ၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင် တည်ရှိပါတယ်။ ထူးခြားချက်မှာ ရုပ်ပွားတော်၏ မျက်လုံးမှာ တစ်ဖက်ကျဉ်း တစ်ဖက်ကျယ် ဖြစ်နေခြင်းဖြစ်ပါတယ်။ ပုဂံခေတ် သမုဒ္ဒရာဇ်မင်းလက်ထက်မှ ဆိတ်မျက်လုံးတစ်ဖက် နွားမျက်လုံးတစ်ဖက်နှင့် ရှင်အဇ္ဇဂေါဏရဟန်းမှ တည်ထားခဲ့ခြင်းဖြစ်ပါတယ်။ အဂ္ဂိရတ်တန်ခိုးဖြင့် ပုဂံခေတ်တွင် ရွှေမိုး၊ ငွေမိုး ရွာစေခဲ့သည့် ကိုယ်တော်ဟု ရှေးသမိုင်းများတွင် ဆိုထားပါတယ်။

အံ့ဖွယ် ၆ – ဘိုးဘိုးအောင်ဘုရား

ရွှေတိဂုံစေတီ၏ အရှေ့ဘက်မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်းတွင် တည်ရှိပါတယ်။ ဘိုးဘိုးအောင် တည်ထားခဲ့သည့် ဘုရားဟု ပြောစမှတ်ပြုကြပါတယ်။

အံ့ဖွယ် ၇ – ရှင်မထီးဘုရား

တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီ၏ မြောက်ဘက် အာရုံခံတန်ဆောင်းတွင် တည်ရှိပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်လောက်က ရှင်မထီးရဟန်းမှ တည်ထားခဲ့သည်ဟု သိရပါတယ်။

အံ့ဖွယ် ၈ – လက်ပက်လက်ဘုရား (သို့) ကကုသန်ရုပ်ပွားတော်

ရွှေတိဂုံစေတီတော်၏ အရှေ့ဘက် အာရုံခံတန်ဆောင်းရှိ လိုဏ်ဂူထဲတွင် တည်ရှိပါတယ်။ တဝဂူဆုတောင်းပြည့်ဘုရားနှင့် အထက် အောက် အနေအထားတွင် ရှိပါတယ်။ အံ့ဖွယ် ၁ နှင့် အံ့ဖွယ် ၈ ကို တစ်ချိန်တည်း ဖူးမျှော်နိုင်ပါတယ်။ ဆင်းတုတော်၏ လက်ကို ပက်လက်အနေအထားဖြင့် ထုထားသဖြင့် လက်ပက်လက်ဘုရား ဟုအသိများပါတယ်။ ပွင့်တော်မူပြီးသော ကကုသန်မြတ်စွာဘုရားကို ရည်မှန်းပြီး တည်ထားခြင်း ဖြစ်ပါတယ်။

အံ့ဖွယ် ၉ – ပြဒါးရှင်ဘုရား

ရွှေတိဂုံစေတီ၏ ရင်ပြင်တော်ရှိ အရှေ့ဘက်မုခ်နှင့် အင်္ဂါဂြိုဟ်တိုင်ထောင့်ကြားရှိ စေတီတစ်ဆူ၏ တောင်ဘက်ရှိ တန်ဆောင်းတွင် ရှိသော ကြေးဆင်းတုတော် တစ်ဆူဖြစ်ပါတယ်။ ရုပ်ပွားတော်၏ နဖူးတော်မှာ မို့မောက်နေပြီး ပြဒါးရှင် ဌာပနာထားသည်ဟု သိရပါတယ်။ ပြဒါးရှင်ဘုရားမှာ အလွန်အချိုးအစား ပြေပြစ်ပြီး သပ္ပာယ်ကြောင်း ဖူး,ဖူးသူတိုင်း ဝန်ခံရပါတယ်။

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top