ONE Championship ၏ အကောင်းဆုံး မလေးရှားကစားသမားများ

36739458_1629266920517085_5639746338338897920_o-768x513-1.jpg

မလေးရှားနိုင်ငံတွင် ONE Championship ပြိုင်ပွဲများကို ၂ဝ၁၂ ခုနှစ် ကတည်းက စတင်ကျင်းပခဲ့ပြီး ယခုဆိုလျှင် (၇) နှစ်တာသက်တမ်း ရှိခဲ့ပြီဖြစ်သည်။ ယင်းကာလအတွင်း မလေးရှားကိုယ်ခံပညာရှင်အများအပြား ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ကမ္ဘာ့အကောင်းဆုံးကိုယ်ခံပညာရှင်များနှင့်အပြိုင် အစွမ်းပြနိုင်ခဲ့ကြသည်။ ယင်းသို့ အစွမ်းပြခဲ့ကြသည့် မလေးရှားကစားသမားများထဲမှ အကောင်းဆုံးကစားသမားအချို့ကို ပရိသတ်နှင့်မိတ်ဆက် ပေးလိုက်ရပါသည်။

Agilan Thani

ယခင် ONE ဝယ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Ben Askren ကို စိန်ခေါ်ထိုးသတ်ခဲ့ဖူးသူ Agilan “Alligator” Thani သည် မလေးရှား၏ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ အသက် (၁၈) နှစ် အရွယ်ကတည်းက အပျော်တမ်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးပွဲမရှိဖြင့် မလေးရှား MIMMA ချန်ပီယံ ဖြစ်ခဲ့သူ Thani သည် ပရော်ဖက်ရှင်နယ်aလာကထဲ ဝင်လာသည့်အခါတွင်လည်း ပွဲဦးထွက် (၇) ပွဲ ဆက်တိုက်အနိုင်ရခဲ့သည်။

ထို့ကြောင့် အသက် (၂၁) နှစ် အရွယ်တွင်ပင် လက်ရှိချန်ပီယံကို စိန်ခေါ်ထိုးသတ်ခွင့်ရခဲ့ကာ အတွေ့အကြုံ မြင့်မားသည့် ပြိုင်ဘက်ကိုမယှဉ်နိုင်၍သာ ချန်ပီယံမဖြစ်ခဲ့ခြင်းဖြစ်သည်။ သို့သော် Thani သည် ကြိုးဝိုင်းထဲမရောက်မီ အချိန်ကကြီးမားသည့် အခက်အခဲတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ယင်းအခက်အခဲမှာ ကိုယ်အလေးချိန် မတန်တဆများပြားနေခြင်းဖြစ်ပြီး ဆယ်ကျော်သက်အရွယ်နှင့် ပေါင် (၃ဝဝ) ကျော် ခန္ဓာကိုယ် ဖြစ်နေသည့်အတွက် လှောင်ပြောင်အနိုင်ကျင့်ခံခဲ့ရဖူးသည်။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ချရန် ကိုယ်ခံပညာများကိုလေ့ကျင့်ရာမှ တစ်နှစ်အတွင်း ပေါင် (၁၂ဝ) ကျော် အထိ အံ့ဖွယ်လျှော့ချနိုင်ခဲ့သည်။

နာမည်ထင်ရှားသည့် ဘယ်လ်ဂျီယံနည်းပြ Samir Mrabet ၏ လေ့ကျင့်ပေးမှုကြောင့် ထူးချွန်သည့်ကစားသမား ဖြစ်လာသလို အမေရိကန်သို့ ပုံမှန် သွားရောက်စခန်းသွင်းလေ့ကျင့်လေ့ရှိသဖြင့် တစ်ပွဲထက်တစ်ပွဲ လက်စွမ်း ပိုထက်လာနေသည့် ကစားသမားဖြစ်သည်။

Ev Ting

Thani ကဲ့သို့ မလေးရှား၏ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံရသူနောက်တစ်ဦးမှာ လိုက်ဝိတ်တန်းမှ Ev “E.T” Ting ဖြစ်သည်။ Ting သည် ONE Championship သို့ မရောက်မီ အာရှတလွှားနှင့် နယူးဇီလန်၊ သြစတြေးလျ စသည့် နိုင်ငံများမှ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသဖြင် အတွေ့အကြုံများပြားသည့်ကစားသမား ဖြစ်သည်။

ONE Championship သို့ ရောက်သည့်အခါတွင်လည်း ပြိုင်ဘက်ပေါင်းများစွာကို ဆက်တိုက် အနိုင်ယူနိုင်ခဲ့သဖြင့် ယခင်လိုက်ဝိတ်တန်းချန်ပီယံ Eduard Folayang ကို စိန်ခေါ်ခွင့်ရခဲ့သည်။ Folayang နှင့် ငါးချီတိုင်တိုင် လက်ရည်တူအကြိတ်အနယ်ယှဉ်ပြိုင်ပြီး အမှတ်နှင့်သာရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

Ting သည် မလေးရှားတွင်မွေးဖွားသူဖြစ်သော်လည်း ငယ်စဉ်ကတည်းက မိသားစုနှင့်အတူ နယူးဇီလန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ငယ်စဉ်က အလားအလာရှိသည့် ဘောလုံးသမားတစ်ဦးဖြစ်ခဲ့သော်လည်း ၂ဝဝ၉ ခုနှစ်တွင် ကိုယ်ခံပညာဘက်သို့ ပိုမိုစိတ်ဝင်စားလာသဖြင့် ပြောင်းလဲကစားခဲ့သည်။ နယူးဇီလန်၏ အပျော်တမ်း ပြိုင်ပွဲများတွင် လှည့်လည်ယှဉ်ပြိုင်ရင်းနိုင်ပွဲများ စိတ်လာခဲ့သဖြင့် ၂ဝ၁၁ တွင် ပရော်ဖက်ရှင်နယ်ဘဝသို့ ကူးပြောင်းခဲ့ခြင်းဖြစ်သည်။

ONE Championship ပြိုင်ပွဲတစ်လျှောက် Ting အနိုင်ယူခဲ့ဖူးသူ များထဲတွင် ONE ၏ ဝယ်တာဝိတ်တန်း ချန်ပီယံဟောင်း Nobutatsu Suzuki, ဖယ်သာဝိတ်တန်းချန်ပီယံဟောင်း Honorio Banario စသူတို့ပါဝင်သည်။

Keanu Subba

Thani ကဲ့သို့ MIMMA ချန်ပီယံဖြစ်ခဲ့ဖူးသူ Keanu Subba သည် နီပေါ ဖခင်နှင့် မလေးရှားမိခင်တို့မှ မွေးဖွားခဲ့သည့် သွေးနှောကစားသမားတစ်ဦးဖြစ်သည်။ ထို့ကြောင့် ကျောင်းတွင်လှောင်ပြောင်အနိုင်ကျင့်ခံခဲ့ရပြီး ၎င်း၏ သွေးနှောနေမှုကို လိမ်ညာဖုံးကွယ်ရန်ပင် စဉ်းစားခဲ့ဖူးသူဖြစ်သည်။ သို့သော် ကိုယ်ခံပညာကို စတင် လေ့လာလိုက်စားသည့်အချိန်မှစတင်ကာ သွေးနှောမှုသည် ၎င်း၏ အားနည်းချက်မဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာခဲ့သည်။

တိုက်ကွမ်ဒိုအားကစားတွင် ရွှေတံဆိပ်များရသည်အထိ အောင်မြင်ပြီးသည့်နောက်တွင် အမေရိကန်သို့ ပညာရေးအတွက်ထွက်လာခဲ့ရသည်။ အမေရိကန်တွင်နေထိုင်စဉ် ရုပ်သံမှလာသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပွဲများကို အစ်ကိုဖြစ်သူ Gianni Subba နှင့်အတူ ပုံမှန်ကြည့်ရှုရာမှ ယင်းအားကစားကိုဝါသနာ ပါလာခဲ့သည်။

သို့သော် ၎င်းတို့ညီအစ်ကိုသည် ကိုယ်ခံပညာသိုင်းပေါင်းစုံသင်တန်း သွားတက်ရန်မတတ်နိုင်သဖြင့် Youtube ဗီဒီယိုများကိုကြည့်ကာ အိမ်တွင်လေ့ကျင့်ခဲ့ရသည်။ ထိုအချိန်တွင် မလေးရှားမှ ညီအစ်ကိုဝမ်းကွဲတစ်ဦး ကင်ဆာရောဂါခံစားနေရသဖြင့် Subba သည် မလေးရှားသို့ပြန်လာပြီး ၎င်းနှင့်အတူနေထိုင်ပေးခဲ့သည်။

ယင်းကာလအတွင်း မလေးရှားမှအားကစားရုံတစ်ခုတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံကိုလေ့ကျင့်ခဲ့ရာ ထူးချွန်သည့် ပါရမီကြောင့် မကြာမီပရော်ဖက်ရှင်နယ်ပွဲများကို စတင်ယှဉ်ပြိုင်လာနိုင်ခဲ့သည်။ MIMMA ပြိုင်ပွဲ၏ ဖယ်သာဝိတ်တန်းတွင် နှစ်ကြိမ်တိုင်တိုင်ချန်ပီယံဖြစ်ပြီးနောက် ONE Championship က ခေါ်ယူစာချုပ်ခဲ့ခြင်းဖြစ်သည်။

Gianni Subba

ညီဖြစ်သူ Keanu ကဲ့သို့ပင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားတွင်ပါရမီပါသည့် Gianni Subba သည် အသက်အရွယ်ငယ်သေးသော်လည်း ပွဲအတွေ့အကြုံများပြားသည့်ကစားသမားတစ်ဦးဖြစ်သည်။ ညီဖြစ်သူကဲ့သို့ပင် မလေးရှားနှင့် အမေရိကန်တွင် တစ်လှည့်စီနေထိုင်ခဲ့ရသူ Subba သည် အသက် (၁၆) နှစ် အရွယ်တွင် ပညာရေးကိုအဆုံးသတ်ခဲ့ပြီး နပမ်းအားကစားကို စနစ်တကျလေ့လာသင်ယူခဲ့သည်။

နာမည်ကြီးနည်းပြတစ်ဦးဖြစ်သည့် Jeremy Horn ၏ သင်ကြားပြသပေးမှုကြောင့် Subba သည် အချိန်တိုအတွင်း ထူးချွန်သည့်ကစားသမားတစ်ဦးဖြစ်လာခဲ့သည်။ ၂ဝ၁ဝ ခုနှစ် တွင် Subba သည် မလေးရှားသို့ ပြန်လာကာ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို ပရော်ဖက်ရှင်နယ်ကစားရန်အိပ်မက်အား စတင်အကောင်အထည်ဖော်ခဲ့သည်။ ၎င်း၏ ပထမဆုံး ONE Championship ပွဲတွင် စင်ကာပူနိုင်ငံသား ပြိုင်ဘက်ကို (၃၃) စက္ကန့်အတွင်း အလဲထိုးနိုင်ခဲ့သည့်အတွက် ပရိသတ်များ၏ တခဲနက်အားပေးမှုကိုရရှိခဲ့သည်။ လက်ရှိအချိန်တွင် ONE Championship ပွဲပေါင်း (၁၂) ပွဲအထိ ကစားထားပြီး (၉) ပွဲ အနိုင်ရထားသူဖြစ်သည်။

Jihin Radzuan

ဝူရှူး ကမ္ဘာ့ချန်ပီယံနှင့် MIMMA အမျိုးသမီးချန်ပီယံဖြစ်သူ Jihin “Shadow Cat” Radzuan သည် မလေးရှား၏ အကောင်းဆုံးအမျိုးသမီးကစားသမား ဖြစ်သည်။ အသက် (၆) နှစ်ကတည်းက မလေးရှားရိုးရာကိုယ်ခံပညာ ဆီလတ်နှင့် စတင်ထိတွေ့ခဲ့ရသူ Radzuan သည် ရုပ်သံအစီအစဉ်မှ အမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားတစ်ဦးကို အားကျပြီး ယင်းအားကစားကို ပြောင်းလဲလိုက်စားခဲ့ခြင်းဖြစ်သည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို စနစ်တကျလေ့လာသင်ယူရန်နေရာကို လိုက်ရှာခဲ့ရာ ၎င်း၏အိမ်နှင့် မလှမ်းမကမ်းတွင်ရှိသော Ultimate MMA Academy ကို တွေ့ရှိခဲ့သည်။ ယင်းအားကစားရုံတွင် တက်ရောက်ရန် သင်တန်းကြေးကို အစ်မဖြစ်သူက မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့ခြင်းဖြစ်သည်။

Radzuan သည် သင်တန်းစတက်ပြီး (၃) လအကြာတွင်ပင် မွေထိုင်းပညာကို ကျွမ်းကျင်တတ်မြောက်ခဲ့သည်။ ထို့နောက်တွင် ဝူရှူး၊ ဘရာဇီး ဂျူဂျစ်ဆု၊ Kickboxing, အနောက်တိုင်းလက်ဝှေ့ စသည်တို့ကိုပါ ဆက်လက်သင်ယူခဲ့ပြီး ဝူရှူးပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ရရှိခဲ့သည်။ ထို့နောက် အပျော်တမ်းဘဝဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ရာ MIMMA ချန်ပီယံဖြစ်ခဲ့သဖြင့် ပရော်ဖက်ရှင်နယ်လောကထဲ ဝင်လာခဲ့သည်။ ကိုယ်ခံပညာရှင်ဘဝတွင် ပထမဆုံးယှဉ်ပြိုင်သည့် လေးပွဲဆက်တိုက်အနိုင်ရကာ နောက်ဆုံး တစ်ပွဲသာ ရှုံးနိမ့်ထားသူဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top