ထူးခြားတဲ့အသွင်အပြင်နဲ့ ပူထရာဂျာယာမြို့ကလေး

malay.gif

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်ခန့်က ကွာလာလမ်ပူမြို့တောင်ဘက် ၂၅ ကီလိုမီတာခန့်ကွာဝေးတဲ့နေရာမှာ တည်ရှိခဲ့တဲ့ တောကြီးမျက်မဲနေရာမှာ ခန့်ညားလှပတဲ့မြို့တစ်ခုဖြစ်လာခဲ့တဲ့ ပူထရာဂျာယာမြို့လေး အကြောင်းကို မျှဝေပေးပါရစေ။

ပူထရာဂျာယာ ဆိုတာ မလေးရှား ဆန်းစခရစ်ဘာသာစကား နဲ့ မင်းသားရဲ့အောင်မြင်မှု (Prince’s Success) လို့ အဓိပ္ပာယ်ရပါတယ်။ စာရေးသူ မလေးရှားကို အလည်အပတ်ရောက်ခဲ့စဉ်က စာရေးသူတို့ရဲ့ ဧည့်လမ်းညွှန်က ပြင်သစ်နိုင်ငံလို ခံစားရစေမယ့်နေရာတစ်ခုကို လိုက်ပို့မယ်လို့ ပြောပြီး ပူထရာဂျာယာကို လိုက်ပို့ခဲ့တာဖြစ်ပါတယ်။ တကယ်လည်း အနောက်တိုင်းစတိုင်နဲ့ ဥရောပအငွေ့အသက်ကို ရစေတဲ့ ပူထရာဂျာယာမြို့ကလေးဟာ တည်ရှိပြီး ကွာလာလမ်ပူမှ အစိုးရဝန်ကြီးဌာနများအားလုံးနဲ့ ဝန်ကြီးချုပ်အပါအဝင် ဝန်ထမ်းများအားလုံးအတွက် အိမ်ရာများကို တစ်နေရာတည်းစုစည်းထားတဲ့ သီးသန့်မြို့ငယ်လေး ဖြစ်ပါတယ်။

ပူထရာဂျာယာမြို့ကို ဝင်ဝင်ချင်းမှာ နှစ်မိုင်ခွဲခန့်အကျယ်အဝန်းရှိတဲ့ ကြီးမားတဲ့ကန်ကြီးကို ဖြတ်သန်း တည်ဆောက်ထားတဲ့ အဖြူရောင် တံတားကြီး ကို ခန့်ညားစွာတွေ့ရမှာဖြစ်ပါတယ်။ ရေကန်ကြီးဟာ သဘာဝအတိုင်း ဖြစ်နေတာမဟုတ်ပဲ နှစ်ပေါင်းများစွာ အပင်ပန်းခံကာ စနစ်တကျတူးဖော်ထားဖြစ်ပါတယ်။ ပူထရာဂျာယာမြို့ကလေး သဘာဝအအေးဓါတ်ကိုရရှိစေဖို့ ရည်ရွယ်ချက်နဲ့ မြို့မတည်ခင်ကပင် တူးဖော်ခဲ့တာလို့ သိရပါတယ်။ ကွာလာလမ်ပူမြို့ကနေ ကား၊ရထားစတာတွေနဲ့ အဆင်ပြေစွာ သွားနိုင်တဲ့အပြင် သွားရောက်လည်ပတ်သင့်တဲ့နေရာလေးတွေလည်း များစွာရှိပါတယ်။

– စိတ်ကြိုက်ဈေးဝယ်ရင်း စားသောက်ဖွယ်ရာများစွာကို မြည်းစမ်းနိုင်တဲ့ IOI စီးတီးမောလ်၊
– IOI စီးတီးမောလ်ထဲမှာပဲ ခက်ခဲပြီး ရင်တုန်ဖွယ်ရာ ကစားနည်းများစွာကို ပျော်ရွှင်စွာ ကစားနိုင်တဲ့ 21 District Adventure Theme Park ကစားကွင်း
– ရေကန်ထဲ လှေလှော်ခြင်း၊ အပျော်စီးသင်္ဘောများဖြင့် လှည့်ပတ်ကြည့်ရှုနိုင်ခြင်း၊ ငါးမျှားခြင်းနဲ့ ရေနဲ့ပတ်သက်တဲ့အားကစားတို့ကိုပြုလုပ်နိုင်တဲ့ ပူထရာဂျာယာကန်ကြီး
– စိတ်ဝင်စားဖွယ်ရာဗိသူကာလက်ရာများနဲ့ ပူထရာဂျာယာဗလီ၊ ဝန်ကြီးချုပ်အိမ်တော်၊ ပူထရာပါဒါနာပန်းခြံစတဲ့ အဆောက်အဦးများ
မလေးရှားကိုရောက်ဖြစ်ခဲ့ရင် သွားရောက်လေ့လာသင့်တဲ့နေရာများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ပူထရာဂျာမြို့ လေးရဲ့ ဓါတ်ပုံများကို စာရေးသူကိုယ်တိုင်ရိုက်ဓါတ်ပုံများနဲ့အတူ စုစည်းတင်ပြလိုက်ပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top