အဆုတ်ကင်ဆာရောဂါကို ကောင်းကောင်းတွန်းလှန်နိုင်ခဲ့ပြီဆိုတဲ့ မင်းသားကြီး ဆန်ဂျေးဒတ်

22-10-2020-yyl-024.jpg

ဘောလိဝုဒ်မင်းသားကြီး ဆန်ဂျေးဒတ်ဟာ အဆင့် ၃ အဆုတ်ကင်ဆာရောဂါကို ခံစားနေရတယ်ဆိုတာကို စာဖတ်ပရိသတ်တွေလည်း အသိပါပဲ။ သြဂုတ်လက ကိုဗစ်ရောဂါပိုးစစ်ဆေးရင်းကနေ အဆုတ်ကင်ဆာရောဂါခံစားနေရတယ်ဆိုတာကို သိရှိခဲ့ရတာပါ။ ဆန်ဂျေးဒတ်ဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို မနေ့က သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ထုတ်ပြောလာခဲ့ပါတယ်။

အသက် (၆၁) နှစ်ရှိပြီးဖြစ်တဲ့ ဆန်ဂျေးဒတ်က ကင်ဆာရောဂါကနေ သက်သာလာပြီဖြစ်ပြီး ဒီတိုက်ပွဲကြီးကနေ အောင်မြင်မြင်နဲ့ ရုန်းထွက်နိုင်နေပြီလို့ ဆိုပါတယ်။ “ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ကျွန်တော်နဲ့ကျွန်တော့်မိသားစုတွေအတွက် အရမ်းခက်ခဲတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ပြောသလိုပဲ ဘုရားသခင်က သန်မာကြံ့ခိုင်တဲ့စစ်သားတွေကို အခက်အခဲဆုံးစစ်ပွဲတွေ ပေးတယ်။ အခု ကျွန်တော့်ကလေးရဲ့မွေးနေ့အချိန်အခါမှာ ဒီတိုက်ပွဲကနေ အောင်အောင်မြင်မြင်နဲ့ ထွက်နိုင်ခဲ့လို့ ကျွန်တော့်မိသားစုကို အကောင်းဆုံးလက်ဆောင်ပေးနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်”လို့ ဆန်ဂျေးဒတ်က ရေးသားထားပါတယ်။

သူ့ကို စိုးရိမ်ပြီးဆုတောင်းပေးကြတဲ့သူတွေနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားဆိုထားပါသေးတယ်။ “ပရိသတ်အားလုံးဆီကနေ အားပေးနှစ်သိမ့်မှုတွေမရှိဘဲနဲ့ ဒီရောဂါကို တွန်းလှန်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကြိုးစားတွန်းလှန်နေရတဲ့အချိန်မှာ ကျွန်တော့်ကို ခွန်အားဖြစ်ပေးခဲ့တဲ့၊ ကျွန်တော့်ဘေးမှာရှိနေပေးခဲ့တဲ့ ကျွန်တော့်မိသားစု၊ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ မင်းတို့ရဲ့ချစ်ခြင်းမေတ္တာ၊ ကြင်နာတရားနဲ့ ရေမတွက်နိုင်တဲ့ဆုတောင်းမေတ္တာပို့သမှုတွေအတွက် ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။ သူ့ကို ကုသပေးခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ သူ့ကို ဂရုစိုက်ပေးခဲ့တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လက မင်းသားကြီးဆန်ဂျေးဒတ်ဟာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်ကနေ ခဏအနားယူမယ်လို့ လူမှုကွန်ယက်အကောင့်ကနေ ကြေညာခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာပဲ အဆုတ်ကင်ဆာရောဂါခံစားနေရပြီး မွန်ဘိုင်းဆေးရုံတစ်ခုမှာ ဓာတုကုထုံးခံယူနေရတယ်ဆိုတဲ့ သတင်းထွက်ရှိလာခဲ့ပါတယ်။ မင်းသားကြီးက အခုနှစ်အစပိုင်းမှာ Shamshera ဇာတ်ကားကို ရိုက်ကူးပြီးစီးခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ သူ့ကျန်းမာရေးအခြေအနေကြောင့် နားထားရတဲ့ KGF: Chapter 2 ဇာတ်ကားကိုလည်း ပြန်လည်ရိုက်ကူးတော့မယ်လို့ သတင်းထွက်ရှိနေပါတယ်။

Ref: Tribune “Humbled and grateful: Sanjay Dutt defeats cancer”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top