ကိုဗစ်သတင်းမှားတွေကြောင့် ၃ လအတွင်း လူ ၈၀၀ သေဆုံး၊ လူ ၅,၈၀၀ ဆေးရုံရောက်

13-8-2020-yyl-009.jpg

၂၀၂၀ ပြည့်နှစ် ပထမ ၃ လအတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ စပ်လျဉ်းတဲ့ သတင်းအချက်အလက်အမှားတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ အနည်းဆုံး လူ ၈၀၀ သေဆုံးခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။ လူမှုကွန်ရက်ပေါ်က သတင်းမှားတွေကြောင့် ဆေးရုံတက်ခဲ့ရသူ ၅၈၀၀ လောက် ရှိတယ်လို့ American Journal of Tropical Medicine and Hygiene စာစောင်မှာ ဖော်ပြထားပါတယ်။ လူတော်တော်များများက မက်သနော ဒါမှမဟုတ် အယ်ကိုဟောကို အခြေခံထုတ်လုပ်ထားတဲ့ သန့်စင်ရေးပစ္စည်းတွေ သောက်မိလို့ သေဆုံးရတာပါ။ အဲဒီပစ္စည်းတွေက ဗိုင်းရပ်စ်ကို ကုသပေးနိုင်တယ်လို့ သူတို့က မှားယွင်းယုံကြည်ခဲ့မိတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ ဖြစ်ပေါ်လာတဲ့ ”သတင်းမှားပျံ့နှံ့မှု(infodemic)” တွေကလည်း ဗိုင်းရပ်စ်ကူးစက်မှုလိုပဲ ပျံ့နှံ့အားကောင်းခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ကြက်သွန်ဖြူတွေ အများကြီးစားပြီး ဗီတာမင်တွေ သောက်ကြသလို တချို့တွေကလည်း နွားကျင်ငယ်ရည်ကို သောက်ကြပါတယ်။ ဒီလိုလုပ်ရပ်တွေက သူတို့ရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွား သက်ရောက်မှု ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ သတင်းမှားပျံ့နှံ့မှုတွေကို တွန်းလှန်တိုက်ဖျက်ဖို့ နိုင်ငံတကာအေဂျင်စီတွေ၊ အစိုးရအဖွဲ့တွေ၊ လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ တာဝန်ရှိတယ်လို့ အဲဒီသုတေသနမှာ ကောက်ချက်ချထားပါတယ်။ ဒါပေမဲ့ နည်းပညာကုမ္ပဏီတွေရဲ့ နှေးကွေးပြီး မဖြစ်စလောက်ပဲရှိတဲ့ တုံ့ပြန်မှုကို ဝေဖန်ခဲ့ကြပါတယ်။

အွန်လိုင်းပေါ်က ကောလာဟလတွေကြောင့် အိန္ဒိယမှာ လူအုပ်ကြီးရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အီရန်နိုင်ငံမှာလည်း အစုလိုက်အပြုံလိုက် အဆိပ်မိခဲ့ကြပါတယ်။ လူမှုကွန်ရက်တွေဟာ ကပ်ရောဂါကာလမှာ လူလိမ်တွေကို အမြတ်ထုတ်ခွင့်ပေးသလိုတောင် ဖြစ်စေခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေနိုင်ဘူးဆိုတဲ့ အဆောင်တွေရောင်းချတာ၊ ရေများများရောထားတဲ့ ဓာတုရည်တစ်မျိုးကို မှော်ဆန်တဲ့ တွင်းထွက်ရေစင်လို့ လိမ်ရောင်းတာမျိုးတွေ ရှိခဲ့ပါတယ်။

Ref: BBC ” ‘Hundreds dead’ because of Covid-19 misinformation”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top