တစ်မိသားစုလုံးကိုဗစ်ကူးစက်ခံရပြီး ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့တဲ့ ဇနီးမောင်နှံ

30-12-2020-yyl16.jpg

အမေရိကန်နိုင်ငံက စုံတွဲတစ်တွဲဖြစ်တဲ့ မိုက်ခ်နဲ့ ကာရို ဘရူနိုတို့ဟာ ကိုဗစ်ကပ်ရောဂါကြောင့် (၁၀) ရက်ပဲခြားပြီး ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ပါတယ်။ ကိုဗစ်ရောဂါပိုးကို သူတို့တစ်မိသားစုလုံး ကူးစက်ခံခဲ့ရတာပါ။ သားသမီးတွေကတော့ ကိုဗစ်ကြောင့် အသက်မဆုံးရှုံးခဲ့ရပေမဲ့ မိဘတွေဖြစ်တဲ့ သူတို့နှစ်ဦးကတော့ အသက်သေဆုံးခဲ့ရပါတယ်။ သူတို့တစ်မိသားစုလုံး ကိုဗစ်ကူးစက်ခံခဲ့ရတာက ခရစ်စမတ်ရာသီမတိုင်ခင်က နေအိမ်တိုက်ခန်းမှာ ဆံပင်ညှပ်ခဲ့တာကနေစခဲ့တာပါပဲ။

အသက် (၅၉) နှစ်အရွယ်တွေဖြစ်ကြတဲ့ မိုက်ခ်တို့စုံတွဲဟာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပြီးတဲ့နောက် မိုက်ခ်က အရင်သေဆုံးသွားခဲ့ပါတယ်။ ဇနီးဖြစ်သူ ကာရိုကလည်း မိုက်ခ်သေဆုံးပြီး တစ်ပတ်ကျော်လောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သူတို့စုံတွဲရဲ့သမီးလေး မီချယ်က ဆံပင်ညှပ်ဆရာဖြစ်ပြီး အရင်က ဆေးစစ်တုန်းကတော့ ကိုဗစ်ရောဂါပိုးမရှိဘူးလို့ သိထားခဲ့တာပါ။ နိုဝင်ဘာ ၂၀ ရက်နေ့မှာတော့ မီချယ်ဟာ သူ့မိခင်နဲ့အတူ သူ့မောင်လေးဂျိုးကို တိုက်ခန်းမှာပဲ ဆံပင်ညှပ်ပေးခဲ့ပါတယ်။ ဆံပင်ညှပ်ပေးစဉ်အတောအတွင်းမှာ သူတို့မိသားစုတွေအားလုံး Mask တွေကို ဝတ်ဆင်ထားကြတဲ့အပြင် Social Distancing စည်းမျဉ်းကိုလည်း လိုက်နာခဲ့ကြတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့မိသားစု အခုလိုဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ဒီဗိုင်းရပ်စ်က တကယ်ကို ခွင့်မလွှတ်စရာပါပဲ။ နည်းအမျိုးမျိုးနဲ့တိုက်ခိုက်တယ်” လို့ ဂျိုးက ပြောပါတယ်။ ဆံပင်အလှပြင်ဆိုင်မှာ အလုပ်လုပ်တဲ့သူ့အစ်မ မီချယ်က ကျေးဇူးတော်နေ့မတိုင်ခင် နိုဝင်ဘာ၂၆ ရက်နေ့မှာ ရောဂါပိုးစစ်ဆေးခဲ့ပြီး သူ့ကို ဆံပင်ညှပ်မပေးခင် ရက်တွေမှာလည်း သီးခြားနေထိုင်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျိုးက သူ ဆံပင်ညှပ်ဖို့လိုတယ်လို့ သူ့အစ်မ မီချယ်ကို ပြောခဲ့တဲ့အတွက် မီချယ်က ဆံပင်ညှပ်ဆိုင်ကို မလာခဲ့နဲ့၊ အိမ်ကို သူ လာပြီးညှပ်ပေးမယ်လို့ပြောခဲ့တာပါ။ “ကျွန်တော် အမေ့ကို မပွေ့ဖက်ခဲ့ဘူး။ ကျွန်တော့်အစ်မကိုလည်း မပွေ့ဖက်ခဲ့ဘူး။ ဆံပင်ပဲ ညှပ်ပေးခဲ့တာပါ။ သူလည်း Mask တပ်ထားတဲ့အပြင် ပြတင်းပေါက်တွေအကုန်လုံးကိုလည်း ဖွင့်ထားတာပါ။ ကျွန်တော်တို့ တိုက်ခန်းမှာ ခပ်ခွာခွာနေခဲ့တယ်။ ဆံပင်ညှပ်ပြီးတော့ ပြန်သွားတာပါပဲ”လို့ ဂျိုးက ပြောပါတယ်။ ဆံပင်ညှပ်ပေးပြီးနာရီအနည်းငယ်အကြာမှာပဲ မီချယ်က ကိုဗစ်ရောဂါလက္ခဏာပေါ်လာခဲ့ပါတယ်။ (၃) ရက်အကြာမှာတော့ ဂျိုးလည်း ကိုဗစ်ရောဂါလက္ခဏာစပြခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ သူတို့တစ်မိသားစုလုံး ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။ အရင်ဆုံးကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့သူကတော့ သူ့မိသားစုရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး အပြစ်ရှိသလိုခံစားနေရပါတယ်။ ဂျိုးကတော့ သူ့မိဘတွေ ရှေ့ဆင့်နောက်ဆင့်အတူတူသေဆုံးသွားတဲ့အတွက် နောက်ထပ်အတူတူရှိနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: TheMirror “Husband and wife die 10 days apart as whole family catches Covid-19 after haircut”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top