ရစ်ခ် ဒိုရိုသီတစ်ယောက် သူ့ဇနီးဖြစ်သူ ဂျန်နဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ပထမဆုံးတွေ့ခဲ့တာပါ။ သူတို့ (၂) ဦးလက်မထက်ခင်ကတော့ အိမ်ထောင်ကိုယ်စီရှိခဲ့ကြပေမဲ့ နောက်တော့ သူတို့ရဲ့အိမ်ထောင်ဖက်တွေနဲ့ ကွာရှင်းခဲ့ကြတယ်။ ကွာရှင်းထားကြတဲ့ ရစ်ခ်နဲ့ ဂျန်တို့က အချင်းချင်း တွေ့ဆုံမိခဲ့ကြပြီး မိတ်ဆွေတွေဖြစ်လာခဲ့တယ်။ သူတို့ (၂) ဦး ချစ်မိသွားခဲ့ပြီး မကြာခင် လက်ထပ်ခဲ့ကြပြီး ကလေး (၂) ဦးရဲ့မိဘတွေ ဖြစ်လာခဲ့တယ်။
သူတို့မိသားစုအတွက် အရာအားလုံးအဆင်ပြေမယ်လို့ ကြံခါမှ ရစ်ခ်က (၁၈) နှစ်တာ အလုပ်ကို ဆုံးရှုံးခဲ့ရတယ်။ ဂျန်က မိခင်တစ်ယောက်ရဲ့တာဝန်ကို အပြည့်ယူချင်တာကြောင့်ရော ကိုယ်ဝန် (၈) လရှိနေခဲ့တာကြောင့်ပါ အလုပ်ကနေ ထွက်ခဲ့တယ်။ သူတို့လင်မယားနှစ်ယောက် သူတို့ရဲ့အိမ်ကို ရောင်းပြီး နောက်ထပ်နေစရာအိမ်ကို ဆောက်လုပ်ကာ သစ်လုပ်ငန်းတစ်ခု စတင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အိမ်ကို အတူတူဆောက်လုပ်တယ်။ သစ်သားတွေကို အတူတူ ဖြတ်တယ်။ အတူတူ ပိုက်ဆံရှာခဲ့တယ်။
ရစ်ခ်ရဲ့အမေက နေမကောင်းဖြစ်ပြီးနောက် သူတို့နဲ့အတူ လာနေတဲ့အခါမှာ ဂျန်က အကောင်းအဆိုးနေ့ရက်တွေကို ကျော်ဖြတ်ပြီး ယောက္ခမဖြစ်သူကို ကောင်းကောင်းဂရုစိုက်ခဲ့တယ်။ နောက်တော့ ဂျန်အတွက် အဖြစ်ဆိုးတစ်ခုပေါ်လာခဲ့တယ်။ သူတို့လင်မယားအတူတူ နေ့တိုင်း ပုံမှန်လမ်းလျှောက်နေကျပါ။ တစ်နေ့မှာ လမ်းလျှောက်နေတုန်း ဂျန်ရဲ့ ညာဖက်ခြေထောက် ဒရွတ်တိုက်ဆွဲနေတာကို ခရစ်ခ် သတိပြုမိခဲ့တယ်။ ဂျန်ရဲ့ခြေထောက်ကို သန်မာအောင် လုပ်ဖို့ အားစိုက်ထုတ်ခဲ့ပေမဲ့ ခြေထောက်အခြေအနေက ပိုဆိုးရွားလာခဲ့တယ်။
မကြာခင်မှာပဲ ဂျန်ဟာ Multiple Sclerosis (အာရုံကြောစနစ်ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှုနဲ့ စကားပြောဆိုမှုထိန်းမနိုင်တဲ့ရောဂါ) ကို ခံစားခဲ့ရတယ်။ ဂျန်က အခုအချိန်ထိ တစ်ခါမှမငိုခဲ့သလို တစ်ခါမှလည်း အပြစ်တင်တာမရှိခဲ့ဘူးလို့ ရစ်ခ်က ဆိုပါတယ်။ ရစ်ခ်ကတော့ တတ်နိုင်သလောက် သူလုပ်ပေးနိုင်တဲ့နည်းနဲ့ သူ့ဇနီးရဲ့ဘဝကို ပုံမှန်အတိုင်းဖြစ်အောင် လုပ်ပေးဖို့ အရာအားလုံးလုပ်သွားမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။
ဂျန်ရဲ့ရောဂါက သူ့ရဲ့အာရုံကြောကို ထိခိုက်စေခဲ့တာကြောင့် အရင်ကလို ခရစ်ခ်နဲ့အတူ နေ့တိုင်း လမ်းအကြာကြီးမလျှောက်နိုင်တော့ပါဘူး။ ရစ်ခ်က သူ့ဇနီးနဲ့အတူတူ နေ့တိုင်းလမ်းလျှောက်နိုင်ဖို့အတွက် အဖြေရှာခဲ့ပါတယ်။ တစ်နေ့တော့ ရစ်ခ်က တီဗီကြည့်နေရင်း ရှိုးတစ်ခုမှာ တရုတ်လန်ချားတစ်ခုကို မြင်တွေ့ခဲ့တယ်။ အဲဒါနဲ့ သူ့ခေါင်းထဲမှာ သူ့ဇနီးဖြစ်သူကို ကူညီပေးဖို့အတွက် အဖြေတွေ့သွားခဲ့တယ်။ သူ လမ်းလျှောက်ရင်း သူ့နဲ့အတူ ဂျန်ကို ခေါ်သွားဖို့အတွက် လန်ချားတစ်ခု ဖန်တီးဖို့ စီစဉ်ခဲ့တယ်။ အစက သူ့အစီအစဉ်နဲ့ပတ်သက်ပြီး သူ့မိသားစုက သိပ်မယုံခဲ့ပေမဲ့ ခရစ်ခ်က ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။
ဂျန်ရဲ့ကိုယ်အလေးချိန်နဲ့ အရွယ်အစားအတိုင်း လန်ချားကို စိတ်ကြိုက်တည်ဆောက်ထားပေမဲ့ လိုအပ်ရင် ပြန်ချိန်ညှိလို့ရပါတယ်။ လန်ချားက ၃၅ ပေါင် အလေးချိန်ရှိပါတယ်။ ဘီးအဟောင်းတွေ၊ သူ့ကလေးတွေ ငယ်စဉ်က အသုံးပြုတဲ့ လှည်းတွေကို ပြန်လည်အသုံးပြုပြီး လန်ချားကို ဖန်တီးခဲ့တာပါ။
ခရစ်ခ်က ဂျန်ကို လန်ချားပေါ်မှာ နေခိုင်းပြီး ဆွဲရတာက သိပ်ပြီးအားစိုက်မထုတ်ရဘူး။ သူ လမ်းလျှောက်နိုင်သရွေ့၊ သူ့ခြေထောက်တွေ သန်မာနေသရွေ့ ဂျန်နဲ့အတူ ဆက်ပြီး သစ်တောထဲကို အကြာကြီးလမ်းလျှောက်သွားမယ်။ လိုလျှင်ကြံဆ၊ နည်းလမ်းရဆိုသလို သူတို့လုပ်နိုင်နေသရွေ့ နည်းလမ်းရှာသွားမယ်တဲ့။
Ref: Scoopupworthy “Husband builds rickshaw for wife with multiple sclerosis so they can continue their daily walks”
WL( ရိုးရာလေး )