Joker 2 ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် လေဒီဂါဂါ

5-8-2022-yyl14.jpg

အဆိုတော်သရုပ်ဆောင်မင်းသမီး လေဒီဂါဂါက အော်စကာဆုရ Joker ရုပ်ရှင်ကားရဲ့နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ်ဆိုတာကို ဩဂုတ်လ ၄ ရက်နေ့က သူ့ရဲ့တွစ်တာမှာ ဇာတ်ကားနဲ့ပတ်သက်တဲ့ ကြော်ငြာအတိုလေးတစ်ခုကို တင်ပြီး အတည်ပြုခဲ့ပါတယ်။

အဲဒီကြော်ငြာအတိုလေးမှာ Top Hat ရုပ်ရှင်ကားအတွက် ၁၉၃၅ ခုနှစ်က တေးရေးဆရာ အီဗင် ဘာလင်ရေးသားခဲ့တဲ့ Cheek to Cheek သီချင်းရဲ့တေးသွားနဲ့အတူ ကပြနေတဲ့ ပုံရိပ် (၂) ခုတွေ့ရပါတယ်။ ဂျိုအာကွင်း ဖိုနစ် နဲ့ လေဒီဂါဂါတို့ရဲ့နာမည်တွေအပြင် Joker 2 ရဲ့ဇာတ်ကားနာမည်၊ ရုံတင်မယ့်ရက်တွေကိုလည်း စာတန်းထိုးထားပါတယ်။

Joker 2 ရုပ်ရှင်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို Warner Bros က ထုတ်ပြောထားခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ နောက်ဆက်တွဲရုပ်ရှင်ကားက အဆိုအကတွေပါဝင်မယ့်ရုပ်ရှင်ကားဖြစ်မှာဖြစ်ပြီး လေဒီဂါဂါက ဂျိုကာရဲ့တွဲဖက် ဟာလေ ကွင်းဇာတ်ကောင်အဖြစ် ပါဝင်ဖို့ မျှော်လင့်ရတယ်လို့ Variety သတင်းဌာနက ဆိုပါတယ်။

မင်းသမီး မားဂေါ့ရော်ဘီက Birds of Prey နဲ့ The Suicide Squad ဇာတ်ကားတွေမှာ ဟာလေ ကွင်း ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့တာပါ။ မားဂေါ့က ဒီဇာတ်ရုပ်ကို ဆက်ပြီးသရုပ်ဆောင်သွားမလားဆိုတာ သေချာမသိရပါဘူး။

“ဂျိုကာ” အဓိကဇာတ်ရုပ်အဖြစ် ဂျိုအာကွင်း ဖိုနစ် ဆက်ပြီးပါဝင်မယ့် Joker: Folie a Deux ရုပ်ရှင်ကားက ၂၀၂၄ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့မှာ ရုံတင်ပြသသွားဖို့စီစဉ်ထားပါတယ်။ ဖိုနစ်က အော်စကာဆုပေးပွဲမှာ ၂၀၁၉ ခုနှစ်ရဲ့ Joker ရုပ်ရှင်ကားနဲ့ အကောင်းဆုံးမင်းသားဆုကို ရရှိခဲ့ပါတယ်။

Ref: AsiaOne “Lady Gaga appears to confirm casting in Joker sequel”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top