တစ်ဘို့ထဲပဲ ကြည့်နေမလား

20161027large.jpg

ယနေ့ခေတ်ကြီးထဲမှာ ဘယ်နေရာပဲ ကြည့်ကြည့် တစ်ဦးချင်း လုပ်ဆောင်ရတာထက် အပေါင်း အစုအဖွဲ့နဲ့ လုပ်ဆောင်ရတာမျိုးဟာ အင်မတန် အရေးပါပြီး တကယ်လည်း အလုပ်ဖြစ်နေတဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဘို့ထဲ ကြည့်တတ်သူများလည်း ပတ်ဝန်းကျင်မှာ ရှိနေဆဲပါပဲ။ သူတို့ဟာ ဘယ်လိုလူတွေလဲ….။

ငါ့ အဆင်ပြေရင် ပြီးရော၊ ငါ့လက်က လွတ် ဗြွတ် ဆိုတဲ့ သူမျိုးတွေ ဖြစ်ပါတယ်။ မိမိဟာ ဘဝမှာ အောင်မြင်ချင်တယ်၊ ထိပ်ဆုံးနေရာကို ရောက်ချင်တယ်ဆိုရင် အစအဆုံး သိရ၊ ကြည့်ရ၊ နားလည်တတ်ရပါမယ်။ ကားထုတ်တဲ့ စက်ရုပ်တစ်ခုမှာ မိမိကို ကား အော်ဒီယို (အသံစနစ်) ကို စစ်ဆေးရတဲ့ အပိုင်းပဲ တာဝန်ပေးထားလို့ ရောက်လာသမျှကားကို အော်ဒီယိုပဲ စစ်ပေးတယ်။ ဘီးပေါက်နေလဲ ငါနဲ့မဆိုင် ဆိုပြီးတော့ ပစ်ထားလည်း ရပါတယ်။ ဒါပေမယ့် သင်ပစ်ထားမှာလား။ နောက်ဆုံး ရလဒ်ကတော့ ကားဟာ ဈေးကွက် ရောက်တဲ့အခါ ဘီးမကောင်းတာကြောင့် ပြန်လည် သိမ်းဆည်းရတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။ တကယ်လည်း ကားထုတ်လုပ်ရေးတွေမှာ အဖြစ်များပါတယ်။ ဘာကြောင့်လဲဆို ကားထုတ်လုပ်တဲ့ Process ဟာ အတော်လေး ရှည်လို့ ဖြစ်ပါတယ်။ ကားအတွက် ဘော်ဒီ ဖရိန် သံအရည်ကြိုတာကနေစလို့ ကားမီးလုံးထဲ ဝါယာကြိုးခွေထည့်တာအထိ အတော်လေး အသေးစိတ်ပါတယ်။ ဒါကြောင့်ပဲ ကားကုမ္ပဏီတွေဟာ ကားတွေကို ပြန်ပြီးတော့ Recall တွေ ခေါ်နေရတာကို မြင်ရပါလိမ့်မယ်။ ဒီလိုပဲ စမတ်ဖုန်း အချို့ဟာလည်း ဘယ်အပိုင်း အားနည်းလို့ ဘာအပိုင်းအားနည်းလို့ ဆိုပြီးတော့ ပြန်လည်သိမ်းရ ပါတယ်။ ဒါတွေဟာ ဥပမာ အနည်းငယ်ပဲ ရှိပါ သေးတယ်။

မိမိဟာ ကုမ္ပဏီတစ်ခုမှာ ဌာန တစ်ခုမှာ လုပ်တယ်ပဲ ထားပါတော့တယ်။ HR ပဲ ဖြစ်ဖြစ်၊ Accounting ပဲ ဖြစ်ဖြစ်၊ Marketing ပဲ ဖြစ်ဖြစ်၊ Sale ပဲ ဖြစ်ဖြစ်ပေါ့။ ကဲ ဒီလ ရောင်းအားတက်ဖို့အတွက် Marketing တွေ အရမ်းလုပ်မယ်ဟေ့ဆိုပြီးတော့ လုပ်လိုက်မယ်။ ရောင်းချင်တဲ့ ပစ္စည်းက ဆိုင်တိုင်းရဖို့အတွက် ဖြန့်ဖြူးရောင်းချရေးအပိုင်း ကို ကောင်းအောင် မလုပ်နိုင်ဘူး။ ဘယ်ဆိုင်မေးမေး မရှိဘူးဆိုရင် ဘာထူးလဲ။ Sale လည်း ကောင်းပြီး Marketing လည်း ကောင်းပြီ။ ကုန်ပစ္စည်းထုတ်ကတည်းက ထုတ်လုပ်ရေး (production)  မှာ အမှားအယွင်း (Error)  ဖြစ်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

ဘယ်အလုပ်ကို မဆို ငါ့လက်ကလွတ် ဗြွတ် လုပ်လိုက်ရင် ဆိုးကျိုးပဲ ဖြစ်ပါလိမ့်မယ်။ အစုအဖွဲ့နဲ့ လုပ်ဆောင်တတ်တဲ့ စိတ် ၊ Team Working ဆိုတဲ့ စိတ်ဟာ ငါ့ Marketing အဖွဲ့၊ ငါ့ HR အဖွဲ့၊ ငါ့ Finance အဖွဲ့ဆိုပြီးတော့အဖွဲ့လေးတွေဖွဲ့ဖို့မဟုတ်ပါဘူး။ ဒါငါတို့ ကုမ္ပဏီ၊ ဒါငါတို့ စုပေါင်းလုပ်ဆောင်ချက် အစရှိသဖြင့် မြင်တတ်ရပါမယ်။ ကုမ္ပဏီအောင်မြင်မှုဟာ မိမိ အောင်မြင်မှု၊ ကုမ္ပဏီကျရှုံးမှုဟာ မိမိကျရှုံးမှုပဲ ဖြစ်ပါတယ်။ ဒီတော့ ထောင်ဂဏန်းရှိနေတဲ့ ကုမ္ပဏီဖြစ်နေရင်ကော Team work ဘယ်လိုလုပ်မလဲလို့ မေးကြတယ်။ အကောင်းဆုံးကတော့ ကိုယ့်တာဝန် ကိုယ်ကျေပြီး မိမိနဲ့ ဆက်စပ်ပြီး လုပ်နေရတဲ့ လူတိုင်းအတွက်လည်း အကောင်းဆုံး ဝန်ဆောင်ပေး လုပ်ဆောင်ပေးတတ်ဖို့ ဖြစ်ပါတယ်။ မိမိရဲ့ တာဝန်လည်း ကျေမယ်။ မိမိနဲ့ ဆက်စပ်လုပ်ရတဲ့ သူတွေကိုလည်း စိတ်ချမ်းသာ အဆင်ပြေအောင် လုပ်ပေးန်ိုင်တယ်ဆိုရင် Team work ကောင်းတယ်လို့ အခြေခံအားဖြင့် ဆိုရပါမယ်။ ငါ့တာဝန်ငါပြီးပြီ နင်ဘယ် ဌာနသွားပြီး ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကို စုံစမ်းလို့ ပြောသင့်တယ်လို့ ထင်ပါသလား။ မသိဘူးမရှိဘူးလို့ ပြောလိုက်တာထက်၊ ကျွန်တော်၊ ကျွန်မ မသိဘူး။ ဒါပေမယ့် ဒီလူ၊ ဒီလူတွေတော့ သိနိုင်ပါတယ်။ သူတို့ကို မေးကြည့်ပါနော် စသည်ဖြင့်ပေါ့။

မှန်တာပြော ရွာပြင်ထုတ်ခံရဆိုတဲ့ မြန်မာ့ဆိုရိုးလည်း ရှိပါတယ်။ ဟုတ်ပါတယ်။ အင်္ဂလိပ်စကားမှာ Could you please help us doing this or those ဆိုတာမျိုးတွေ ပြောရင် အဆင်ပြေတယ်။ May be you should contact him for this လည်း ရတယ်။ အင်္ဂလိပ်စကားကို ယဉ်ကျေးဖို့အတွက် please, may be, should တွေကို သုံးရပေမယ့် မြန်မာစကားမှာတော့ အဲ့လို နွဲ့နွဲ့လျလျသိပ်မရှိပါဘူး။ ကျေးဇူးပြုပြီး ဒါလေးတစ်ချက် လုပ်ပေးပါလား ဆိုတာမျိုးပြောရင်တောင် မင်းငါ့ကို မခင်ဘူးလားဆိုပြီးတော့ ဖြစ်တတ် ပါတယ်။ ဒီတော့ မြန်မာစကားနဲ့ မိမိရဲ့ ပြောဆိုမှုဟာ တစ်ဖက်သား စိတ်ချမ်းသာ အဆင်ပြေဖို့အတွက်ဆိုရင် မျက်နှာက အပြုံးဆောင်၊ အသံကို မာနေအောင်မထားပဲ ပျော့ပြောင်းဖို့ လိုအပ်ပါတယ်။

ဒါတွေပြောလို့ ပိုတယ်မထင်ပါနဲ့။ အသံခပ်မာမာနဲ့ အဆက်ဆံခံရပြီး မျက်နှာကြီး စူပုတ်နေတဲ့ လူတွေနဲ့ စကားပြောရတဲ့အခါ မိမိ ဘယ်လိုခံစား ရတယ်ဆိုတာ မိမိ အသိဆုံးပါ။ ဒီတော့ မြန်မာလူမျိုးအချင်းချင်း Team Work ကောင်းဖို့အတွက် ဆက်ဆံရေးကောင်းဖို့ အရင်စပါတယ်။ ဘာကြောင့်လဲဆို ဒီ ဆက်ဆံရေးအပေါ်မှာပဲ မူတည်လို့ လူတစ်ဦးနဲ့တစ်ဦး အထင်မှားမှုတွေ ဖြစ်ပြီး သူတစ်ဖွဲ့ ကိုယ်တစ်ဖွဲ့တွေ ကွဲတာဟာ အများစု ဖြစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာလူမျိုးများ Team work ကောင်းကောင်း လုပ်ဆောင်ပြီး လုပ်ငန်းဖြစ်စဉ်ကြီး တစ်ခုလုံးအတွက် ကြည့်ရှု လုပ်ဆောင်တတ်ဖို့ စေတနာဖြင့် ရေးသား မျှဝေပေးလိုက်ရ ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top