သင့်ကလေး ဉာဏ်ရည်မြင့်မားစေမည့် ကစားစရာများ

wooden-playroom-with-toys-PGV63ZB.jpg

ကလေးငယ်များအတွက် ကစားစရာများ ဝယ်ရာတွင် ရွေးချယ်စရာ များစွာရှိပါသည်။ ဤဆောင်းပါးတွင် ကလေးငယ်များ၏ အသက်အလိုက် သင့်လျော်သော ကစားစရာများ ကိုဖော်ပြပေးထားပါသည်။ ၎င်းတို့သည် ကလေးငယ်များကို ပျော်ရွှင်စေမည့်အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ တိုးတက်စေပါလိမ့်မည်။

အသက် သုံးလအရွယ် ကလေးများအတွက် ကစားစရာများ

ပထမပိုင်းလများတွင် အရာဝတ္ထုများကို ဘယ်လိုဆုပ်ကိုင်ရမည် သို့မဟုတ် ဘယ်လိုထိုင်ရမည်ဆိုသည်ကို ကလေးများ မလုပ်တတ်သေးခင်တွင် ကလေးများသည် နားထောင်နိုင်မည့် အရာများကို ပိုမိုမျှော်လင့်ကြသည်။ အရောင်အသွေး တောက်ပပြီးစုံလင်သော ကစားစရာများသည် ကလေးများကြည့်ဖို့အတွက် အကောင်းဆုံး၊ အလွယ်ကူဆုံး ပင်များဖြစ်သည်။ သင်သည်ကလေးများကို mp3 player သို့မဟုတ် သီချင်းနားထောင်သည့်အရာ၊ လက်နှင့်ကိုင်နိုင်သောအရာ၊ ရွေ့လျားပြီး မကွဲနိုင်သောမှန်များ၊ အရောင်တောက်ပသည့် နူးညံ့သော စာအုပ်များ၊ အာရုံခံနိုင်သည့် ကစားစရာများ၊ ဂျောက်ဂျက်များ၊ သံစုံခေါင်းလောင်းများ ဝယ်ပေးနိုင်ပါသည်။

သုံးလမှခြောက်လအထိ ကလေးများအတွက် ကစားစရာများ

ဤအရွယ်ကလေးများ၏ လက်များသည် လက်သီးဆုပ်ရုံသာမကဘဲ အရာဝတ္ထုများကိုပါ ဆုပ်ကိုင်နိုင်ပြီဖြစ်သည့်အတွက် သူတို့၏လက်များကို ပိုမိုအသုံးချလိုကြပါသည်။ သို့ဖြစ်၍ ကလေးများသည် သူတို့၏လက်ထဲတွင် ဆုပ်ကိုင်နိုင်သောအရာများကို ဆော့လိုကြသည်။ ပေါ့ပါးသော ဂျောက်ဂျက်များ၊ နူးညံ့သော တိရိစ္ဆာန်အရုပ်များ၊ ညှစ်၍ရသော ရော်ဘာရုပ်များ၊ အရောင်စုံပါသောကွင်းများ စသည်တို့ဖြစ်ပါသည်။

ခြောက်လမှကိုးလအရွယ် ကလေးများအတွက် ကစားစရာများ

ဤအဆင့်တွင်ကလေးများသည် အရာသတ္ထုများ၏ တည်ရှိမှုကို ပိုမိုသတိပြုလာနိုင်သည်။ သူတို့၏ ကစားစရာများကို မတွေ့ပါက ကစားစရာများကို သတိရနေတတ်သည်။ ကလေးငယ်များသည် ဤအရွယ်တွင် လှုပ်လှုပ်ရှားရှား လုပ်နိုင်ပြီဖြစ်သည်။ အောက်ပါ ကစားစရာများသည် သူတို့၏ ကြီးထွား ဖွံ့ဖြိုးမှု ကျွမ်းကျင်မှုများကို မြန်ဆန်စေရန် ကူညီပေးနိုင်ပါသည်။ ၎င်းတို့မှာ စာအုပ်များ၊ ကိုင်ပြီး ကစားနိုင်သော ကစားစရာများ၊ နူးညံ့သော တိရိစ္ဆာန်ရုပ်များနှင့် အရုပ်များ၊ ဘောလုံးများ၊ အသံထွက်သော ကစားစရာများ၊ တွန်းရသော ကစားစရာများ ဖြစ်သည်။

အသက်ကိုးလမှ တစ်ဆယ့်နှစ်လအတွင်း ကလေးများအတွက် ကစားစရာများ

သင့်ကလေးသည် အသက် ကိုးမှတစ်ဆယ့်နှစ်လအတွင်း ရှိသောအခါတွင် သူတို့သည် အခန်းထဲတွင် တွားသွားခြင်း၊ လေးဖက်သွားခြင်းများ ပြုလုပ်နိုင်ပြီဖြစ်သည်။။ အသက် တစ်ဆယ့်နှစ်လအရွယ် ရောက်သောအခါတွင် သူတို့သည် မတ်တပ်ရပ်ပြီး လမ်းပင်လျှောက်နိုင်ပြီဖြစ်သည်။ သူတို့၏ ပြဿနာ ဖြေရှင်းနိုင်စွမ်းများလည်း တိုးတက်လာပြီဖြစ်သည်။ သူတို့သည် စကားလုံးများကို စတင်နားလည်နေပြီးတော့ အရာဝတ္ထုများ၏ နာမည်များကိုလည်း မှတ်သားနိုင်ပြီဖြစ်သည်။ ထိုအရွယ်ကလေးများအတွက် သင်၏အိမ်ကို ကလေးလက်ဆော့သည့် ဒဏ်ခံနိုင်အောင် ပြင်ဆင်ထားသင့်ပါသည်။ ထိုအရွယ်ကလေးများသည် တွေ့သမျှ အရာအားလုံးကို သူတို့၏ ပါးစပ်ထဲသို့ ထည့်လေ့ရှိကြသည်။ သို့ဖြစ်၍သူတို့ အသက်အရွယ်နှင့် သင့်တော်သော ကစားစရာများ ပေးသင့်သည်။ ထိုကစားစရာများမှာ တွန်း၍ရသော ကစားစရာများ၊ ဘောလုံးများ၊ ကစားစရာ တယ်လီဖုန်းများ၊ စာအုပ်များ၊ လေးထောင့် အတုံးများ၊ ကလေးကစားသည့် လက်ဆွဲပုံးများ၊ ဂေါ်ပြားများ စသည်တို့ဖြစ်သည်။

တစ်ဆယ့်နှစ်လမှ တစ်ဆယ့်ရှစ်လအထိ ကလေးများအတွက် ကစားစရာများ

ဤအဆင့်တွင် ကလေးအများစုသည် သူတို့လုပ်ဆောင်ချက်များ၏ အကျိုးဆက်များကို အလွန်သဘောကျကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မှတ်ဉာဏ်သည် ပိုမိုဖွံဖြိုးလာနေသောကြောင့်ဖြစ်သည်။ လမ်းလျှောက်ပြေးတတ်ကာစ ကလေးများသည် လူကြီးများလုပ်သည်ကို ကြည့်ပြီး လိုက်လုပ်တတ်ကြသည်။ သို့ဖြစ်၍ နေ့စဉ် လုပ်ငန်းဆောင်တာများနှင့် တူညီသော ကစားစရာများကို ပေးဆော့ပါ။ ဥပမာပြောရလျှင် ကြီးမားသော အိမ်ဆောက်တမ်း ကစားရသည့် သစ်သားတုံးများ၊ ဘောလုံးများ၊ တက်စီးလို့ရသည့် ကစားစရာများ၊ ရုပ်ပုံများပါဝင်သည့် စာအုပ်များ၊ အလွယ်တကူဖျက်၍ရသော စာရွက်များနှင့် ရောင်စုံခဲတံများ၊ တွန်းရဆွဲရသော ကစားစရာများ၊ အမျိုးအစားခွဲပြီး ဆော့ရသောအရုပ်များ စသည်တို့ဖြစ်သည်။

တစ်ဆယ့်ရှစ်လမှ နှစ်ဆယ့်လေးလအရွယ် ကလေးများအတွက် ကစားစရာများ

ဤအရွယ်တွင် သူများကို မမှီခိုဘဲလုပ်ရသည်ကို ပိုမိုပျော်ရွှင်တတ်ကြသည်။ သို့သော်လည်း သူတို့၏ လုပ်နိုင်သည့်အတိုင်းအတာများကို သတိပေးပါ။ သူတို့သည် “ကိုယ့်ဘာသာကိုလုပ်မည်” ဟုဆိုကာ အရာရာတိုင်းကို သူတို့ဘာသာလုပ်ဖို့ ခေါင်းမာတတ်ကြသည်။ သို့သော်လည်း မိနစ်အနည်းငယ်အကြာတွင် အဖေနှင့် အမေကို အကူအညီ လှမ်းတောင်းတတ်ကြသည်။ ထိုအရွယ်တွင် ပေးကစားသင့်သော ကစားစရာများမှာ အိမ်ဆောက်တမ်းဆော့သည့် ကစားစရာများ၊ အိမ်ဆောက်တမ်းဆော့ရသည့် သစ်သားတုံး အကြီးအသေးမျိုးစုံ၊ ကစားစရာ တူရိယာ အမျိုးမျိုး၊ ပဟေဠိ၊ ရုပ်ပုံကားချပ်များပါ သောစာအုပ်များ၊ စီဒီခွေများ၊ မီးရထားတွဲများ၊ ဘောလုံးများ၊ စာရွက်နှင့် ရောင်စုံခဲတံများ စသည်တို့ဖြစ်သည်။

နှစ်ဆယ့်လေးလမှ သုံးဆယ်လအထိ ကလေးများအတွက် ကစားစရာများ

ဤအရွယ်တွင် မိမိကိုယ်ကို ယုံကြည်မှု ပိုမိုရှိလာကြသည်။ ကိုယ့်ဘာသာကို လုပ်လိုခြင်းနှင့် သူများ အကူအညီ တောင်းခံရခြင်းများကြားတွင် လူကြီးပြောစကား နားမထောင်တတ်ခြင်းများ ဖြစ်လာတတ်ကြသည်။ မည်သူ့ကိုမျှ မမှီခိုလိုခြင်းနှင့်အတူ စကားများလည်း ပိုမိုပြောတတ်လာကြသည်။ သို့ဖြစ်၍ သင့်ကလေးအား သူ၏စွမ်းအင်ကို အသုံးပြုနိုင်မည့် ကစားစရာများနှင့် လုပ်ဆောင်ချက်များကို ရှာဖွေပေးပါ။ သူတို့၏ ဖွံ့ဖြိုးလာသော ဉာဏ်ရည်ကို စိန်ခေါ်နိုင်မည့် ကစားစရာများလည်း ပေးဆော့ပါ။ ဥပမာ တက်ပြီးစီးနိုင်သော ကစားစရာများ၊ ဘောလုံးများ၊ အနုပညာနှင့်ပက်သက်သော အထောက်အပံ့ ကစားစရာများ၊ တီးခေါက်ရသော တူရိယာများ၊ အဝတ်အစား ဝတ်ပေး၍ရသော အရုပ်များ၊  ကလေးအရွယ် အိမ်သုံးပစ္စည်းများ၊ တည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများ၊ ပဟေဠိများ စသည်တို့ဖြစ်သည်။

သုံးဆယ်မှ သုံးဆယ့်ခြောက်လအရွယ် ကလေးများအတွက် ကစားစရာများ

သင့်ကလေးများသည် ထိုအရွယ်တွင် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်းများတွင် မိမိကိုယ်ကို ယုံကြည်မှု ရှိနေပြီဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် အားကစားဆိုင်ရာပစ္စည်းများနှင့် ကစားရခြင်းကို နှစ်သက်လာကြသည်။ အခြားကလေးများနှင့် ပူးပေါင်း ဆော့ကစားလိုစိတ်များ လည်းဖြစ်ပေါ်လာကြသည်။ အုပ်စုလိုက် ကစားသော ဂိမ်းများကိုလည်း ပိုပြီးသဘောကျလာကြသည်။ အသက်ကြီးလာသောအခါတွင် သင့်ကလေးသည် စိတ်ကူးစိတ်သန်း ပိုမိုကောင်းမွန်လာလိမ့်မည်။ သူတို့သည် သူတို့၏ ပုံပြင်များ၊ ဇာတ်လမ်းများ၊ စွန့်စားစရာများ၊ ကာတွန်း ဇာတ်ကောင်များကို စတင် ဖန်တီးနိုင်ကြပြီဖြစ်သည်။ သို့ဖြစ်၍ ပဟေဠိများ၊ မှတ်ဉာဏ်ဆိုင်ရာ ဂိမ်းများ၊ ကလေးအရွယ် ပန်းကန်ပြားများ၊ အိုးများ၊ ဒယ်ပြားများ၊  တည်ဆောက်ခြင်းဆိုင်ရာ ပစ္စည်းများ၊ အနုပညာဆိုင်ရာ ကစားစရာများ၊ အိမ်ပြင်တွင် ဆော့နိုင်သော ကစားစရာများ၊ စာအုပ်များ ပေးဆော့နိုင်ပါသည်။

ရေးသားသူ Dr. Kaung Thar

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top