ပရော်ဖက်ရှင်နယ်မဆန်တဲ့အမူအကျင့်များ

its-basic-decency.jpg

ပိတ်ရက်မှာကိုယ်နေထိုင်တဲ့ပုံစံနဲ့ အလုပ်မှာသွားနေနေလို့မရပါဘူး။ အလုပ်ဆီကိုလာတဲ့အချိန်မှာ လုပ်ငန်းခွင်ဟာ လုံးဝကို ကွဲပြားခြားနားပါတယ်။

သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ သင့်ရဲ့မိတ်ဆွေတွေ ဖြစ်စရာမလိုပါဘူး။ နေ့လယ်နေ့ခင်းဆိုရင် အလုပ်မှာ သွားအိပ်နေလို့မရပါဘူး။

သင့်ရဲ့အသက်မွေးလုပ်ငန်းဟာ သင့်ကိုပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်လာစေဖို့စိန်ခေါ်မှုတစ်ခုပါပဲ။ သင့်ရဲ့အလုပ်အကိုင်ဟာ ဘယ်လိုအမျိုးအစားဖြစ်နေပါစေ၊ သင့်လုပ်ဖော်ကိုင်ဖက်တွေက သင့်ကိုလေးစား၊ သဘောကျကြမယ်ဆိုရင် ဒါဟာ
သင့်အောင်မြင်မှုအတွက် အရေးပါတဲ့အရာတစ်ခုပါပဲ။ အခုဒီမှာတော့ အလုပ်ခွင်မှာ ပရော်ဖက်ရှင်နယ် တစ်ယောက်ပီပီနေချင်တယ်ဆိုရင် ရှောင်သင့်တဲ့ အလေ့အကျင့်လေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။

၁။ ဖုန်းကိုအမြဲအာရုံစိုက်နေတာမျိုး

ကိုယ်ရေးကိုယ်တာဖုန်းပြောတာမျိုးက နားလည်ပေးလို့ရပါတယ်။ ဒါပေမဲ့ တစ်ချိန်လုံး ဖုန်းမက်ဆေ့ခ်ျတွေစစ်နေမယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။ လုပ်ငန်းခွင်ပြင်ပက တခြားကိစ္စတွေရှိနေမယ်ဆိုရင် အခြေခံစည်းမျဉ်းကတော့  အလုပ်နဲ့မသက်ဆိုင်တဲ့ဒီကိစ္စတွေကို လုပ်ငန်းခွင်ပြင်ပမှသာ လုပ်ဆောင်တာ အကောင်းဆုံးပါပဲ။ အရေးပေါ်မိသားစုပြဿနာမျိုးများက လွဲရင် သင့်မိတ်တွေကသင့်ကို tag လုပ်ထားတဲ့ facebook post တွေ၊ သင့်ဆီပို့ထားတဲ့ဗီဒီယိုဖိုင်တွေဟာ သင်ဖွင့်မကြည့်လဲဘဲ အမြဲတမ်းရှိနေမှာဖြစ်လို့အရေးတယူမလုပ်ဆောင်သင့်ပါဘူး။ အွန်လိုင်းမှာရှိနေပြီး အလွယ်တကူဆယ်သွယ်နိုင်တာဟာ ကောင်းပေမဲ့ အလုပ်ခွင်မှာတော့ အလုပ်ကိုသာ အဓိက ဂရုစိုက်သင့်ပါတယ်။

အကြံပေးချက်များ
– အလွယ်တကူ လက်လှမ်းမမီနိုင်သော နေရာတွင် သင့်ဖုန်းအား ထားရှိပါ။
– တစ်နေ့တာအတွင်း နားချိန်များ ရေးဆွဲ၍ ထိုအချိန်အတွင်း ဖုန်းအသုံးပြုပါ။
– ဖုန်းကို ခဏခဏထုတ်မကြည့်မိအောင် Silent Mode ထားထားပါ။

၂။ လုပ်ဖော်ကိုင်ဖက်များနှင့် အတင်းပြောခြင်း

သင့် ပြောချင်တဲ့အကြောင်းအရာတွေကို စိတ်လွတ်လက်လွတ် ပြောဖို့အချိန်နဲ့ နေရာရှိပါတယ်။ ဒါပေမဲ့ သင့်မန်နေဂျာ ဖြတ်သွားနိုင်တဲ့နားနေခန်းလိုမျိုးနားမှာ မပြောသင့်ပါဘူး။ သင်ဟာသင့်ရဲ့အလုပ်ခွင်ကလူတွေနဲ့ ရင်းရင်းနှီးနှီးပြောဆိုနေထိုင်ချင်တာ သဘာဝကျပါတယ်။ ဒါပေမဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတာနဲ့ပဲ သင်သူတို့နဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေ ဖြစ်လာမယ်လို့ပြောလို့မရပါဘူး။ သင့်လုပ်ဖော်ကိုင်ဖက်များနဲ့စကားလက်ဆုံကျ နေပေမဲ့လည်း သင်ပြောတဲ့စကား၊ သင်ပြောဆိုနေတဲ့သူကို သေချာဂရုစိုက်မယ်ဆိုရင်တော့ သင့်ကိုပိုပြီးတော့တောင်အများက လေးစားလာပါလိမ့်မယ်။

အကြံပေးချက်များ
– လုပ်ဖော်ကိုင်ဖက်များနှင့် အလ္လာပသလ္လပ ပြောဆိုတာတွေ ရှောင်ပါ။
– သင့်လုပ်ဖော်ကိုင်ဖက်များရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ကိစ္စများအား သတိထားပြောဆိုပါ။ လုပ်ဖော်ကိုင်ဖက်များ၏ ဘဝအကြောင်းများအား အသေးစိတ်မေးမြန်းခြင်းမျိုး မလုပ်ပါနှင့်။
– သင့်ရဲ့လုပ်ဖော်ကိုင်ဖက်နှင့် သင်၏ ဆက်ဆံရေးအပေါ်မူတည်၍ သင်စကားပြောဆိုပုံအား ဆင်ခြင်ပြောဆိုပါ။

၃။ ဖြစ်သလိုနေရာမှာ အလုပ်လုပ်တာမျိုး

လူတစ်ယောက် အလုပ်လုပ်နေတဲ့ နေရာကိုကြည့်ပြီး ထိုလူရဲ့ အကြောင်းကို သင်ခန့်မှန်းလို့ရနိုင်ပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက်ရဲ့ အလုပ်စားပွဲအသွင်အပြင် ကိုကြည့်လိုက်တာနဲ့ သူဘယ်လိုလူမျိုးလဲဆိုတာ သင်ခန့်မှန်းလို့ရပါတယ်။ ဒီလိုပဲ သင့်အလုပ်စားပွဲကိုကြည့်ပြီး သူတို့ကလည်း သင်ဘယ်လိုလူလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်စားပွဲပေါ်မှာ ဘယ်လိုအရာတွေကိုထားမလဲဆိုတာက သင်ဆုံးဖြတ်ရမှာပါ။

အကြံပေးချက်များ

– ရုံးမဆင်းခန် ၅ မိနစ် ၁ဝ မိနစ်ခန့် ကိုယ့်ရဲ့အလုပ်စားပွဲကို သန့်ရှင်းရေးလုပ်ဆောင်ပါ။
– သင့်လုပ်ငန်းခွင်သဘောထားကို သေချာနားလည်သဘောပေါက်အောင် လုပ်ဆောင်ပြီး သင့်အလုပ်လုပ်တဲ့ နေရာနားမှာ ဘာတွေ ထားမလဲဆိုတာ ဆုံးဖြတ်ပါ။
– ဘောပင်များ၊ ဖိုင်များ၊ Notes စာရွက်လေးများကို သီးခြားတစ်နေရာတွင် သိမ်းဆည်းပါ။

၄။ နောက်ကျမှရောက်လာခြင်း

အလုပ်နောက်ကျတာတွေ၊ အလုပ်နဲ့ပတ်သက်တဲ့ပွဲတွေကို နောက်ကျခြင်းများဟာ လက်ခံနိုင်ဖွယ်မရှိပါဘူး။ နေ့စဉ်ရုံးတက်ရက်များမှ အပတ်စဉ် အစည်းအဝေးပွဲများအထိ သတ်မှတ်ထားတဲ့အချိန်ထက်မိနစ် ၂ဝ လောက်မှ တံခါးပေါက်ကို အပြေးအလွှားရောက်ရောက်လာတာမျိုးဟာ မဖြစ်သင့်တဲ့အလေ့အကျင့်တစ်ခုပါ။ တစ်ခါတစ်လေမှာ ဒီအလေ့အကျင့်ကြောင့်ဘဝဟာ လေးလံထိုင်းမှိုင်းလာတတ်ပါတယ်။ ဒါပေမဲ့ ဘယ်အရာကိုမဆိုကြိုတင်ပြင်ဆင်ထားခြင်းဟာ လုပ်ဆောင်ဖို့အချိန်ကျရောက်လာတဲ့အခါမှာ ဖြစ်တတ်တဲ့ အကျိုးဆုတ်ယုတ်မှုတွေကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

အကြံပေးချက်များ
– အလေ့အကျင့်တွေကို နားလည်သဘောပေါက်ပြီး ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ စဉ်းစားပါ။ (ဥပမာ- ကိုယ်ဟာ အမြဲတမ်း အိပ်ရမယ့်အချိန်ထက် ပိုအိပ်တတ်တဲ့ သူဆိုရင် သင်အိပ်ရာနိုးစေဖို့ နှိုးစက်နာရီကို သင့်အိပ်ခန်းမဟုတ်တဲ့ တခြားအခန်းမှာ သွားထားသင့်ပါတယ်။)
– နောက်တစ်နေ့မှာ အချိန်ပိုရနိုင်စေဖို့ ညဘက်အချိန်မှာ သင်လုပ်နိုင်သမျှအရာအားလုံးကို ကြိုလုပ်ထားပါ။
– မနက်ခင်းလုပ်ရိုးလုပ်စဉ် အလေ့အကျင့်တစ်ခု ဖန်တီးပါ။

၅။ အီးမေးလ်သုံးစွဲမှု ညံ့ဖျင်းခြင်း

အလုပ်အချက်အလက်နဲ့ပတ်သက်တဲ့အီးမေးလ်တွေကို စက္ကန့်ပိုင်းအတွင်းပို့နိုင်ပါတယ်။ ဒါပေမဲ့အငြင်းပွားဖွယ်ရာကိစ္စနဲ့ပတ်သက်ပြီးအရေးအသား လွဲချော်သွားခြင်းမျိုးဖြစ်နိုင်ပါတယ်။ emoji အရုပ်လေးများကိုအသုံးပြုခြင်းဟာ ကောင်းပေမဲ့ သင့်အလုပ်အီးမေးလ်တွေမှာ မထည့်သွင်းသင့်ပါဘူး။ စာလုံးပေါင်းအမှားတွေ၊ ထည့်သွင်းစရာစကားလုံးတွေ၊ မှားတတ်တဲ့ punctuation တွေနဲ့ တခြားအချက်အလက်များကြောင့် အီးမေးလ်တစ်စောင်ကိုအကြောင်းပြန်ဖို့အချိန် ၂ ရက်လောက်အချိန်မယူသင့်ပါဘူး။ အီးမေးလ်ကောင်းကောင်းသုံးတတ်ဖို့လေ့လာထားတာကလည်း သင့်ကို ပရော်ဖက်ရှင်နယ်တစ်ယောက်ပီသလာစေမှာပါ။

အကြံပေးချက်များ
– အီးမေးလ်မှာ အာရုံစိုက်နိုင်ဖို့ သင့်ရဲ့တစ်နေ့တာကို အချိန်ချမှတ်ပါ။
– ပရိုဖက်ရှင်နယ်ဆန်တဲ့ အီးမေးလ် အသုံးပြုနည်းများကို လေ့လာပါ။ လိုက်နာကျင့်သုံးပါ။
– သင့်ရဲ့အီးမေးလ်ကို Draft ထဲမှာ ထည့်ထားပြီး Send မနှိပ်ခင်မှာ နောက်တစ်ခေါက် ပြန်လည်ဖတ်ရှု စစ်ဆေးပါ။

၆။ ဆင်ခြေပေးခြင်း

အလုပ်မှာစိန်ခေါ်မှုတွေရှိလာတဲ့အခါမျိုးမှာ သင်ဘယ်လိုတုံ့ပြန်မလဲဆိုတာကသင့် အောင်မြင်မှုရဲ့ အဓိကသော့ချက် ဖြစ်ပါလိမ့်မယ်။ သင်လုပ်ရမယ့်အလုပ်ကို ရက်ချိန်းရောက်တဲ့အထိ မပြီးသေးတာမျိုး၊ ဒါမှမဟုတ်သင့်ရဲ့ Presentation ထဲမှာအရေးကြီးတဲ့အချက်ကို မေ့သွားတာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ ဆင်ခြေပေးခြင်းဟာ သင့်ကိုသောကဖိစီးစေပြီး ကိုယ့်ကိုကိုယုံကြည်မှုကို လျော့နည်းစေပါတယ်။ လူသားတစ်ယောက်ဖြစ်နေရင်တော့ မှားကြမှာပါ။ တစ်ခါတစ်ရံ ဒီအမှားတွေကိုကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကိုဆင်ခြင် နောင်မှာ အဲဒီအမှားမျိုးမဖြစ်အောင် အပြောင်းအလဲတွေလုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။

အကြံပေးချက်များ
– လုပ်ဆောင်ရမယ့် အလုပ်တာဝန်စာရင်းတစ်ခု ပြုစုပါ။ ထိပ်ဆုံးမှာ သင့်ရဲ့အရေးအကြီးဆုံးတာဝန်ကို ထားပါ။
– သင့်ကိုယ်သင် ရိုးသားပါ။ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းတွေနဲ့ ဆင်ခြေ မပေးပါနဲ့။
– မေးခွန်းတွေ မေးပြီး လမ်းညွှန်ချက်တွေ ရှာဖွေပါ။

Ref : Knowledge : Habits That Are Making You Look Unprofessional

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top