ပွဲချိန်နှောင်းပိုင်းဂိုးနဲ့ အန်ဖီးလ်ကွင်းမှာ စပါးကို လီဗာပူး အနိုင်ရ

fo1.jpg

လီဗာပူးကတော့ ဆာလာ၊ မာနေး၊ ဖာမီနို တိုက်စစ်အတွဲနောက်မှာ ဟန်ဒါဆန်၊ ဂျိမ်းမီလ်နာ၊ ဝစ်နယ်ဒမ်တို့ ကွင်းလယ်ပိုင်း အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး စပါးကတော့ ၃-၅-၂ ကစားကွက်မှာ ဟာရီကိန်း၊ လူးကပ်စ်မိုရာတို့ကို တိုက်စစ်တင် ကစားခဲ့ပါတယ်။

ပွဲချိန် (၁၅) မိနစ်မှာ ရောဘတ်ဆန်ရဲ့ ဘယ်တောင်ပံ ဖြတ်တင်ဘောကို ဖာမီနိုက ခေါင်းတိုက်ပြီး လီဗာပူးအတွက် အဖွင့်ဂိုး သွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ စပါးကွင်းလယ်လူ အဲရစ်ဆင်ရဲ့ကန်ချက် ဂိုးဘားပေါ်က ကျော်သွားခဲ့သလို မာနေးရဲ့ကန်ချက်လည်း ဂိုးဘေးကပ်ထွက်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ စပါးအသင်း ဂိုးသွင်းခွင့် တော်တော်များများ ရခဲ့ပါတယ်။ ပွဲချိန် (၅၇) မိနစ်မှာ ဟာရီကိန်းရဲ့ကန်ချက်ကို အလစ်ဆန်ဘက်ကာ ပုတ်ထုတ်ရာမှာ အဲရစ်ဆင်ထံ ရောက်သွားပြီး သူ့ရဲ့ကန်ချက်ကို ရောဘတ်ဆန် ပိတ်ဆို့နိုင်ခဲ့ပါတယ်။ ပွဲချိန် (၆၈) မိနစ်မှာ ဆာလာ အခွင့်အရေးရခဲ့ပေမဲ့ အချိန်ဆွဲသလို ဖြစ်သွားခဲ့ပြီး သူ့ကန်ချက်က စပါးခံစစ်ကြောင်းနဲ့ထိပြီး ဂိုးဘားပေါ် ကျော်သွားခဲ့ပါတယ်။

ပွဲချိန် (၇၀) မိနစ်မှာတော့ ဟာရီကိန်းရဲ့ ပါးနပ်မှုကနေ စပါးအသင်း ချေပဂိုးရခဲ့ပါတယ်။ ကွင်းလယ်မှာ ဟန်ဒါဆန်ရဲ့ဖျက်ထုတ်မှုကြောင့် လဲကျသွားတဲ့ ဟာရီကိန်းက ပြစ်ဒဏ်ဘောကို ခပ်သွက်သွက် ကန်တင်ပေးခဲ့ပါတယ်။ အဲဒီဘောလုံးကို ထရစ်ပီယာ ရသွားပြီး အဲရစ်ဆင်ထံ ထိုးပေးရာမှာ အဲရစ်ဆင်က လူးကပ်မိုရာထံ ထပ်ဆင့်ထိုးပေးခဲ့ပြီး လူးကပ်မိုရာက အနီးကပ် အပိုင်ကန်သွင်းခဲ့တာပါ။

စပါးအသင်း ချေပဂိုး ရသွားပြီးနောက်မှာ လီဗာပူးအသင်း ဖိအားဝင်ပြီး အမှားအယွင်း များခဲ့လို့ စပါးအသင်း အခွင့်အရေးတွေရခဲ့ပေမဲ့ ဆစ်ဆိုခို၊ ဒယ်လီအလီတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲချိန် (၈၉) မိနစ်မှာ အလက်ဇန္ဒားအာနိုး ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆာလာ ခေါင်းတိုက်ရာမှာ ဟူဂိုလိုရစ် ပုတ်ထုတ်နိုင်ခဲ့ပေမဲ့ အယ်ဒါဝီရယ်နဲ့ထိပြီး ဂိုးဝင်ခဲ့လို့ လီဗာပူး အနိုင်ဂိုးရခဲ့တာပါ။

လီဗာပူးဟာ အခုနိုင်ပွဲကြောင့် မန်စီးတီးထက် တစ်ပွဲပို ကစားထားချိန်မှာ မန်စီးတီးကို (၂) မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး (၆) သင်းနဲ့ တွေ့ဆုံရာမှာတော့ မန်စီးတီး(၁၉) မှတ် ရရှိထားပြီးရင် လီဗာပူးက(၁၆ မှတ်) အမှတ်အများဆုံး ရရှိထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top